ကုလသမဂ္ဂ တာဝန်ရှိသူအချို့ အပါအဝင် နိုင်ငံတကာ သံတမန် ၄၀ ကျော် ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုဖြစ်ပွားရာ မောင်တောဒေသသို့ ကွင်းဆင်းလေ့လာ

ကုလသမဂ္ဂ တာဝန်ရှိသူအချို့ အပါအဝင် နိုင်ငံတကာ သံတမန် ၄၀ ကျော် ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုဖြစ်ပွားရာ မောင်တောဒေသသို့ ကွင်းဆင်းလေ့လာ
Published 3 October 2017

ARSA ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုဖြစ်ပွားရာ မောင်တောဒေသသို့ ရောက်ရှိလာသော နိုင်ငံတကာသံတမန်များ ဒေသခံများနှင့်တွေ့ဆုံနေစဉ်

ကုလသမဂ္ဂမှ တာဝန်ရှိသူအချို့ အပါအဝင် နိုင်ငံတကာ သံတမန် ၄၀ ကျော် ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားရာ မောင်တောဒေသသို့ အောက်တိုဘာ ၂ ရက်က ကွင်းဆင်း လေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်သည် အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားပြီး တစ်လကျော်အကြာတွင် ပထမဦးဆုံး သံတမန်ခရီးစဉ် ဖြစ်ပြီး အဖွဲ့သုံးဖွဲ့ဖြင့် ကွင်းဆင်း လေ့လာခြင်း ဖြစ်ကြောင်း၊ အဆိုပါ သံတမန်အဖွဲ့တွင် ဘင်္ဂလားဒေ့ရှ် သံအမတ် (စစ်တွေ) Mr. Shah Alom Khokkon ၊ မလေးရှား သံအမတ် H.E.Mr.Mohd Haniff Bin Abd. Rahman နှင့် အခြားသံတမန် ၄၀ ကျော် ပါဝင်ကြောင်း သိရသည်။ ထို့ပြင် ကုလသမဂ္ဂ UNRC မှ Ms.Renata Nicola Lok Dessallien (RC) ၊ UNHCR မှ Mr.Cecile Fradot (Deputy Represintatice) ၊ WFP မှ Mr.Domenico Scalpelli (Country Director and Representative) တို့ ပါဝင်ကြောင်း သိရသည်။

မောင်တောဒေသတွင် မီးလောင်ပြာကျနေသည့် အိမ်များ၊ ဖျက်ဆီးခံထားရသည့် အဆောက်အအုံများ၊ မီးလောင်ကျွမ်းနေသည့်အိမ်များကို ရဟတ်ယာဉ်ပေါ်မှ မြင်တွေ့ခဲ့ရသည်။ ထို့အတူ အိမ်ကောင်းအချို့ ကျန်နေသေးသည်ကိုလည်း တွေ့ခဲ့ရသည်။

ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာမြင့်ထွေး၊ ဦးဝင်းခိုင်တို့ ဦးဆောင်သည့် နိုင်ငံတကာ သံတမန်အဖွဲ့များသည် အောက်တိုဘာ ၂ ရက်တွင် မောင်တောမြို့နယ် မြောက်ပိုင်းရှိ တစ်ရွာလုံး မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ခုံတိုင်(ဒိုင်းနက်၊ မြို) တိုင်းရင်းသား ကျေးရွာ၊ ခမောင်းဆိပ်မြို့တွင် ရဲဘော်ကျကျေးရွာမှ အသတ်ခံရသူတို့၏ ကျန်ရစ်သူ ဟိန္ဒူမိသားစုတွင်များ၊ ကျေးရွာ မီးရှို့ခံရသည့် ကသည်းများ၊ မိခင်နှစ်ဦးနှင့် ကလေးနှစ်ဦး သတ်ဖြတ်ခံရသည့် ရန်ကာစေတီကျေးရွာမှ ကျန်ရစ်သူ မိသားစုဝင်များနှင့် တွေ့ဆုံခြင်း၊ မောင်တောမြို့နယ် တောင်ပိုင်းတွင် ရဲကင်းစခန်းနှင့် ကျေးရွာ မီးရှို့ခံရသည့် နူရူလာ (ဘင်္ဂါလီ) ကျေးရွာကို ကြည့်ရှုခြင်း၊ ဖြစ်စဉ်ဖြစ်ပွားခြင်း မရှိသဖြင့် အေးချမ်းစွာ နေထိုင်နေကြသည့် ပန်းတောပြင် (အလယ်) ကျေးရွာရှိ ဘင်္ဂါလီရွာသားများနှင့် တွေ့ဆုံမေးမြန်းခြင်း၊ သတ်ဖြတ်ခံရသည့် မိသားစုဝင်များ ဖြစ်သည့် ဟိန္ဒူဘာသာဝင်များ၊ ဘင်္ဂါလီနှင့် မြိုတိုင်းရင်းသား မိသားစုများနှင့် မောင်တောမြို့ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံမေးမြန်းခြင်းနှင့် မောင်တောမြို့ တစ်ဖက်ကမ်းရှိ မူလအတိုင်း ရှိနေသော ရွှေဇား (ဘင်္ဂါလီ) ကျေးရွာသို့ သွားရောက် လေ့လာခဲ့ကြသည်။

ထို့ပြင် ရသေ့တောင်မြို့နယ် အနောက်ပြင်ကျေးရွာတွင် ဘင်္ဂါလီ ရွာသားများနှင့် တွေ့ဆုံခြင်းနှင့် ရွှေလောင်းတင် ကျေးရွာရှိ ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် တောင်ပိုင်း ဝေသာလီကျေးရွာအနီး ရဟတ်ယာဉ်ကွင်းသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ဦးဆောင်သည့် အဖွဲ့ (၁) သည် နံနက် ၁၁ နာရီ တွင် ရောက်ရှိလာကြောင်းနှင့် အဆိုပါအဖွဲ့သည် မောင်တောမရောက်မီ ရသေ့တောင်မြို့နယ် အနောက်ပြင် ဘင်္ဂါလီကျေးရွာနှင့် ရွှေလောင်းတင် ရခိုင်တိုင်းရင်းသားကျေးရွာများကို လေ့လာခဲ့ကြောင်း သိရသည်။

အလားတူ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော အဖွဲ့ (၂) သည် နံနက် ၁၂ နာရီတွင် မောင်တောတောင်ပိုင်း ဝေသာလီ ရဟတ်ယာဉ်ကွင်းသို့ ရောက်ရှိပြီး မောင်တောမြို့နယ် တောင်ပိုင်းရှိ သြဂုတ် ၂၅ ရက်က ရဲကင်းစခန်းကို ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက ဝိုင်းဝန်း တိုက်ခိုက်ခဲ့သည့် နူရူလာကျေးရွာသို့ ရောက်ရှိ လေ့လာကာ လုံခြုံရေးရဲအရာရှိနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ကို အကြမ်းဖက်ဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းခဲ့သည်။
နူရူူလာ ကျေးရွာသည် မီးရှို့ခံထားရသည့် ကျေးရွာဖြစ်ပြီး ကျေးရွာသားများ ယနေ့အထိ ထွက်ပြေးနေကြောင်း သိရသည်။

တာဝန်ရှိသူများနှင့် သံတမန်များ အကြမ်းဖက် မီးရှို့မှုဖြစ်ပွားခြင်းမရှိသည့် ပန်းတောပြင် (အလယ်) ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာသားများအား တွေ့ဆုံမေးမြန်းစဉ်

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃ ရက်ကလည်း နူရူလာရဲကင်းစခန်းကို ဘင်္ဂါလီ အကြမ်းဖက်သမားများ လာရောက် ပစ်ခတ်သဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် မီးရှို့မှုဖြစ်ပွားခြင်း မရှိသည့် ပန်းတောပြင် (အလယ်) ကျေးရွာသို့ သွားရောက်ကာ ကျေးရွာသားများနှင့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။ ပန်းတောပြင် ကျေးရွာအုပ်စုတွင် ကျေးရွာလေးရွာရှိပြီး ကျေးရွာ သုံးရွာ မီးရှို့ခံထားရကြောင်းနှင့် ကျေးရွာသား ၂၀၀၀ ခန့် ထွက်ပြေးနေကြောင်း ကျေးရွာသားများက ပြောဆိုသည်။

ယင်းမှတစ်ဆင့် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးသို့ ရောက်ရှိကာ ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်း ခံခဲ့ရသူများ၏ မိသားစုဝင်များ ဖြစ်သော မြို၊ ဟိန္ဒူ၊ ဘင်္ဂါလီများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ ယင်းမှ တစ်ဆင့် မောင်တောမြို့ တစ်ဖက်ကမ်း ရွှေဇားကျေးရွာအုပ်စုတွင် အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားခြင်းမရှိသဖြင့် အေးချမ်းစွာ နေထိုင်နေကြသည့် ရွှေဇားကျေးရွာသား ဘင်္ဂါလီများ၊ နေရပ်စွန့်ခွာရာမှ ပြန်လည်ရောက်ရှိလာသည့် အောင်ဗလကျေးရွာမှ ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၌ သြဂုတ် ၂၅ ရက်မှ စတင်ဖြစ်ပွားခဲ့သော ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက် ဖျက်ဆီးမှုကြောင့် ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် နေထိုင်သူများသည် နေရပ်စွန့်ခွာ၍ နယ်စပ်ဧရိယာ အပါအဝင် လုံခြုံရာနေရာများတွင် ခိုလှုံနေထိုင်ခဲ့ရပြီး အကြမ်းဖက်မှုကြောင့် ပြည်တွင်းနေရပ် စွန့်ခွာရသူ တိုင်းရင်းသားများလည်း ရှိခဲ့သည်။

ထို့အတူ ဘင်္ဂါလီများလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်မှုများရှိသည်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော ဘင်္ဂါလီဒုက္ခသည်များထဲတွင် ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ ပါဝင်နေကြောင်း www.benarnews.org ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော သတင်း ဗီဒီယိုတစ်ခုအရ သိရသည်။

သံရုံးများမှ သံအမတ်ကြီးများနှင့် UN အဖွဲ့အစည်းများမှ အကြီးအကဲများ၏ လေ့လာရေးခရီးစဉ်မှာ နေ့ချင်းပြန် ခရီးစဉ်ဖြစ်ပြီး ၎င်းတို့သည် ခရီးသည်တင်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ သွားရောက်ခဲ့ပြီး ထို့နောက် စစ်တွေမြို့မှ မောင်တောသို့ တပ်မတော်ရဟတ်ယာဉ် သုံးစင်းဖြင့် သွားရောက် လေ့လာခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent