<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ မြေယာလျော်ကြေး ရယူထားခြင်းမရှိသည့် လယ်ယာမြေပေါ်တွင် ရေဆိုးမြောင်း ဖောက်လုပ်ထားမှုကို မြေပိုင်ရှင်များ ဖျက်ဆီး

ရေဆိုးမြောင်း ဖောက်လုပ်ထားမှုကို တောင်သူများက စက်တင်ဘာ ၁၂ ရက်တွင် ဖြိုဖျက်နေကြစဉ် (ဓာတ်ပုံ-ကောင်းခန့်လင်း)

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ပုသိမ်-မုံရွာကား လမ်းအနီးတွင် တည်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ မြေယာလျော်ကြေး ရယူထားခြင်းမရှိသည့် လယ်ယာမြေပေါ်တွင် ရေဆိုးမြောင်း ဖောက်လုပ်ထားသည့် မြောင်းများအား ဒေသခံမြေပိုင်ရှင်များက ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီကျော်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး တုံရွာမကျေးရွာနှင့် တုံတောကျောင်းကျေးရွာအနီးတွင် ရေစွန့်ပစ်ရေဆိုး စွန့်ထုတ်ရန်အတွက် မြောင်းဖောက်ထားသည့် ရေဆိုးမြောင်းအား လက်ပံတောင်းတောင် ဒေသခံမြေပိုင်ရှင်များက ဖျက်ဆီးခဲ့ကြပြီး အဆိုပါလယ်ယာမြေသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ အပြင်တွင်တည်ရှိကာ ပိုလျှံမြေအဖြစ် ဒေသခံများအား ပြန်လည်ပေးအပ်ထားသည့် လယ်ယာမြေများဖြစ်ကြောင်း သိရသည်။

“ဒါက ကျွန်မတို့ရဲ့မြေ။ မြေလျော်ကြေး ထုတ်ထားတာလည်း မဟုတ်ဘူး။ တစ်ပိုင်းက ခြံစည်းရိုးအတွင်းထဲကို ပါသွားပြီ။ ဒီဘက်က ကျန်တဲ့မြေလေးက ကွမ်း ၄၀၀၀ ကျော်လောက် စိုက်လောက်တဲ့ မြေကျန်သေးတယ်။ အဲဒါကို ၀မ်ပေါင်ကနေပြီးတော့ ရေဆိုးစွန့်ထုတ်လုပ်ဖို့ရာဆိုပြီးတော့ မြောင်းကြီးတွေ အကျယ်ကြီးတူးတယ်။ ကျောက်တွေ၊ ကွန်ကရစ်တွေ စီထားတာ။ ကျွန်မတို့ မြေပိုင်ရှင်တွေကိုလည်း လုံးဝအသိပေးထားတာ မဟုတ်ဘူး။ ဒီမြေတွေဟာ ဦးသိန်းစိန် လက်ထက်တုံးက တုံအုပ်စုဥက္ကဋ္ဌကိုယ်တိုင် ကျွန်မတို့ အိမ်တိုင်ရာရောက် ပိုလျှံမြေပါဆိုပြီး လက်မှတ်ထိုးပေးထားတဲ့ မြေပါ။ အခုကျွန်မတို့ မြေပေါ်ကို ကျူးကျော်လို့ လက်မခံဘူး။ ဒီဟာကို ပြန်ပြီးဖျက်ဆီးတယ်။ ဖို့တယ်” ဟု ဆားလင်းကြီးမြို့နယ် တုံရွာမကျေးရွာမှ မစန္ဒာက ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ် ၂၃ ရက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ကြေးနီစီမံကိန်း အပြင်ဘက်တွင် တည်ရှိသော လယ်ယာမြေပေါ်၌ ကြေးနီစီမံကိန်းမှ သိမ်းဆည်းရယူထားခြင်းမရှိသည့် မြေယာများအား ကျူးကျော်ကာ ရေဆိုးမြောင်း စွန့်ပစ်ရန်အတွက် မြောင်းဖောက်လုပ်ခဲ့သောကြောင့် မြေပိုင်ရှင်များက ကန့်ကွက်တားဆီးမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ယခုအခါတွင် ယင်းရေဆိုးမြောင်းအား လက်ပံတောင်းတောင်ဒေသခံ မြေပိုင်ရှင်များက ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ဖျက်ဆီးရတဲ့အကြောင်းရင်းက ပိုလျှံမြေဆိုပြီးတော့လည်း မြေပိုင်တွေရဲ့ လက်ထဲပြန်အပ်ပြီးသား။ ဆည်တည်းရွာအနီးမှာ မြစ်ရေတင်မြောင်းကြီးရှိတယ်။ အဲဒီကန်ကြီးထဲကို စွန့်ပစ်ရေတွေထည့်ပြီးတော့ အခုမြောင်းထဲကနေ ရွှေလှေတံတားအထိ သီတင်းကျွတ်လ ရေကြီးချိန်မှာ မိုးရွာချိန်မှာ တစ်ခါတည်း ဖောက်ချဖို့ရာ ဆည်မြောင်းလုပ်တဲ့အတွက် ကျွန်မတို့က ဒီဆည်မြောင်းကြီးကို ဖို့ပစ်ရတာပါ။ ကျွန်မတို့ဒေသခံတွေကို ၀မ်ပေါင်ကုမ္ပဏီဘက်က ညှိနှိုင်းတာလည်းမရှိဘူး။ ဆွေးနွေးတာလည်းမရှိဘူး။ ဒီမြေနေရာက လျော်ကြေးယူထားတဲ့ မြေနေရာလည်း မဟုတ်ဘူး။ အစောကတော့ မလုပ်ပါဘူးဆိုပြီး ပြန်သွားတာ။ အခုကျတော့ ညတွေမှာ ခိုးပြီးတော့လုပ်တယ်” ဟု ဒေသခံမြေ ပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်မာချိုက ပြောကြားသွားသည်။

လက်ပံတောင်တောင် ဒေသခံများက ကျူးကျော်မြောင်း ဖောက်လုပ်နေသည့် မြေယာများထဲတွင် နွားစာနှင့် နှမ်းခင်းများ၊ ပြောင်းဖူးခင်းများနှင့် ကွမ်းခြံများ စိုက်ပျိုးထားကြောင်း အချို့မြေပိုင်ရှင်များကလည်း လာမည့်နွေရာသီတွင် ယင်းမြေယာပေါ်မှာ နှစ်ရှည်သီးနှံများ စိုက်ပျိုးကြရန် လျာထားကြောင်း သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ မြေယာလျော်ကြေးငွေ ရယူထားခြင်းမရှိသည့် လယ်ယာမြေပေါ်တွင် ရေဆိုးမြောင်းအား ဖောက်လုပ်ထားသည့်မြောင်းများ ဒေသခံမြေပိုင်ရှင်များ လူဦးရေ ၅၀ ကျော်ခန့်က ပြန်လည်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။