အောင်လအန်ဆန်၏ စွမ်းရည်အပေါ် ONE Championship ဥက္ကဋ္ဌ ချီးကျူး

အောင်လအန်ဆန်၏ စွမ်းရည်အပေါ် ONE Championship ဥက္ကဋ္ဌ ချီးကျူး
Published 18 September 2018

အောက်တိုဘာ ၂၆ ရက်တွင် MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည့် အောင်လအန်ဆန် (ဓာတ်ပုံ-ကောင်းထက်အောင်)

ONE Championship အဖွဲ့အစည်း ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Chatri Sityodtong က ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီး ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်၏ စွမ်းရည်အပေါ် ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

“ဘယ်အချိန်မဆို ကျွန်တော်တို့အားလုံး ရန်ကုန်ကိုသွားလည်ဖို့ အဆင်သင့်ရှိပါတယ်။ အောင်လအန်ဆန်ဟာ ဝိတ်တန်းနှစ်ခုရဲ့ ချန်ပီယံတစ်ဦးပါ။ သူ့ကို သူ့နိုင်ငံသားတွေက အရမ်းချစ်ပါတယ်။ သူ့ရဲ့ MMA ယှဉ်ပြိုင် တိုက်ခိုက်တဲ့ စွမ်းဆောင်ရည်ကလည်း အံ့မခန်းပါပဲ။ သူ့မှာရှိတဲ့ စွမ်းဆောင်ရည်က ဘယ်သူ့ကိုမဆို အကောင်းဆုံး ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိတယ်ဆိုတာကို ပြသနေပါတယ်။ အခုတော့ သူ့ရဲ့ MMA တိုက်ခိုက်မှုစွမ်းရည် အစစ်အမှန်ကို ထပ်မံပြသရတော့မှာပါ။ မိုဟာမက်ကရာကီက သူ့ရဲ့စွမ်းဆောင်နိုင်တဲ့ အရည်အချင်းကို စမ်းသပ်ပါလိမ့်မယ်။ မိုဟာမက်ကရာကီဟာ မစ်ဒယ်ဝိတ်တန်းမှာ ယုံမှားသံသယရှိစရာမလိုတဲ့ စိန်ခေါ်နိုင်သူတစ်ဦးပါ။ ကျွန်တော်တို့ မကြာခင်မှာ သုဝဏ္ဏအားကစားရုံအတွင်းကို သွားကြတာပေါ့” ဟု ၎င်းက MMA Weekly သို့ ပြောကြားသည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ လက်ဘနွန်နိုင်ငံသား MMA ကစားသမား မိုဟာမက် ကရာကီနှင့် ထိုးသတ်ရမည်ဖြစ်သည်။ မိုဟာမက်ကရာကီသည် အသက် ၂၇ နှစ်ရှိပြီး MMA ပြိုင်ပွဲ ကိုးပွဲထိုးသတ်ထားရာ ကိုးပွဲစလုံး အနိုင်ရထားသည်။