တေးသံရှင် ဇော်ဝင်းထွဋ်နှင့် အင်ပါယာတီးဝိုင်းတို့၏ နှစ်စဉ်ပြုလုပ်မြဲ ဆေးပေါင်းခတဲ့ည ဖျော်ဖြေပွဲကို အစဉ်အလာမပျက် ပြုလုပ်မည်

တေးသံရှင် ဇော်ဝင်းထွဋ်နှင့် အင်ပါယာတီးဝိုင်းတို့၏ နှစ်စဉ်ပြုလုပ်မြဲ ဆေးပေါင်းခတဲ့ည ဖျော်ဖြေပွဲကို အစဉ်အလာမပျက် ပြုလုပ်မည်
Published 10 September 2018

တေးသံရှင် ဇော်ဝင်းထွဋ်နှင့် အင်ပါယာတီးဝိုင်းတို့၏ နှစ်စဉ်ပြုလုပ်မြဲဖြစ်သည့် ဆေးပေါင်းခတဲ့ည ဂီတဖျော်ဖြေပွဲကို ယခုနှစ်တွင် အစဉ်အလာမပျက် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဖျော်ဖြေပွဲကို တန်ဆောင်မုန်းလပြည့်နေ့ညတွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဖြစ်ကာ ပြုလုပ်မည့် နေရာအားပြန်လည် အသိပေး ကြေညာမည်ဖြစ်ကြောင်း သိရသည်။

“ပွင့်လင်းရာသီမှာတော့ ရန်ကုန်မှာ တစ်ပွဲမန္တလေးမှာတစ်ပွဲ လုပ်ဖို့ရှိတယ်။ မန္တလေးမှာက ရော့ခ်တစ္ဆေလို့ နာမည်ပေးထားတဲ့ပွဲလေး လုပ်ဖြစ်မှာပါ။ ရန်ကုန်မှာတော့ ထုံးစံအတိုင်းပဲ ဆေးပေါင်းခတဲ့ညပွဲလုပ်ဖြစ်မယ်။ လုပ်မယ့်နေရာကတော့ ပြန်ပြီးပြောပါမယ်။ ပရိသတ်တွေက မိုးတွင်းမှာလည်း ပွဲမလုပ်ဖြစ်တဲ့အခါကျတော့ နှစ်ပွဲစလုံးမှာ သီချင်းတွေ အများကြီးဆိုမယ်။ သူတို့ဆိုစေချင်တာတွေရော၊ ကျွန်တော်တို့ စင်ပေါ်မှာဆိုနေကျ သီချင်းတွေပါ ဆိုဖြစ်ပါမယ်။ ရန်ကုန်၊ မန္တလေးက ပရိသတ်တွေနဲ့ တွေ့ဆုံချင်ပါတယ်” ဟု တေးသံရှင်ဇော်ဝင်းထွဋ်က ဆိုသည်။

အင်ပါယာတီးဝိုင်းမှ ကိုသန့်ဇော်ကလည်း “ပွင့်လင်းရာသီမှာတော့ ရန်ကုန်မှာရော မန္တလေးမှာပါ ရှိုးရှိပါမယ်။ မန္တလေးပွဲကို ရော့ခ်တစ္ဆေလို့ နာမည်ပေးထားပြီး အမိုက်စားရော့ခ်ပွဲ ပုံစံတင်ဆက်ပါမယ်။ ရန်ကုန်မှာတော့ နှစ်တိုင်းလုပ်နေကျဖြစ်တဲ့ ဆေးပေါင်းခတဲ့ညပွဲ လုပ်မှာပါ။ နှစ်ပွဲလုံးအတွက်တော့ သေချာပြင်ဆင်နေတယ်။ ပရိသတ်တွေလည်း ဒီကြားထဲ ပွဲမလုပ်ထားတော့ မျှော်နေကြတယ် ထင်ပါတယ်။ ပွဲလုပ်မယ့်နေရာတွေ၊ လက်မှတ် ရောင်းချမယ့်ပုံစံတွေ ပြန်ပြီးအသိပေးပါမယ်” ဟုဆိုသည်။

ဆေးပေါင်းခတဲ့ည ဂီတဖျော်ဖြေပွဲမှာ နှစ်စဉ်တိုင်းတွင် တေးသံရှင်ဇော်ဝင်းထွဋ် ဆင်နွဲှလေ့ရှိသည့် ပွဲတစ်ပွဲဖြစ်ကာ ယခင်နှစ်ကမူ အင်ပါယာတီးဝိုင်း၊ The Trees တီးဝိုင်းနှင့် Runner တီးဝိုင်းသုံးဝိုင်းတွဲ ဖက်၍ တေးသံရှင် ဇော်ဝင်းထွဋ်၊
R ဇာနည်နှင့် ဝေလတို့ သုံးဦး တွဲဖက်တင်ဆက်ခဲ့သည်။ ယခုနှစ်တွင်မူ ဆေးပေါင်းခတဲ့ညဂီတဖျော်ဖြေပွဲတွင် တေးသံရှင်ဇော်ဝင်းထွဋ်နှင့် အခြားမည်သည့်တေးသံရှင်များ ပါဝင်ဖြစ်မဖြစ်ကို ပြန်လည်အသိပေးမည်ဖြစ်သည်။

ယခုနှစ်ပွင့်လင်းရာသီကာလတွင် ဖျော်ဖြေပွဲများ ပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိကြရာ ထိပ်တန်းတေးသံရှင်များ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲများ၊ အဖွဲ့လိုက်ဖျော်ဖြေ တင်ဆက်မှုများ၊ EDM Festival များ ပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။