ဖန်ပင်းပင်းကို အမေရိကန်တွင် ခိုလှုံခွင့်တောင်းခံရန် အကြံပေးခဲ့သည်ဆိုသော စွပ်စွဲချက်များကို ဂျက်ကီချန်း ငြင်းဆို

ဖန်ပင်းပင်းကို အမေရိကန်တွင် ခိုလှုံခွင့်တောင်းခံရန် အကြံပေးခဲ့သည်ဆိုသော စွပ်စွဲချက်များကို ဂျက်ကီချန်း ငြင်းဆို
Published 5 September 2018

အခွန်ရှောင်မှု အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီးနောက် ဖန်ပင်းပင်းကို အမေရိကန်တွင် ခိုလှုံခွင့်တောင်းခံရန် ၎င်းက အကြံပေးခဲ့သည်ဆိုသော စွပ်စွဲချက်များကို ဟောင်ကောင်သရုပ်ဆောင် ဂျက်ကီချန်းက ငြင်းဆိုခဲ့သည်။

နာမည်ကြီး သရုပ်ဆောင်တစ်ဦးဖြစ်သည့် ဖန်ပင်းပင်းကို သြဂုတ် ၃၁ ရက်တွင် လော့စ်အိန်ဂျလိစ် လူဝင်မှုကြီးကြပ်ရေးရုံး၌ တွေ့ရှိခဲ့သည်ဟု ဟောင်ကောင်သတင်းစာ Apple Daily က ဖော်ပြခဲ့သည်။ ဖန်သည် အနုပညာသက်တမ်း နှစ် ၂၀ အတွင်း အကြီးမားဆုံး အရှုပ်တော်ပုံမှ လွတ်မြောက်ရန် ဂျက်ကီချန်း၏ အကြံပေးမှုဖြင့် အမေရိကန်တွင် ခိုလှုံခွင့်တောင်းခံရန် ဆုံးဖြတ်ခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦး၏ ပြောစကားကို Apple Daily က ကိုးကားဖော်ပြခဲ့သည်။

ယင်းကိစ္စတွင် ဂျက်ကီချန်း ပါဝင်ပတ်သက်မှုရှိသည်ဆိုသော ပြောဆိုမှုသည် အဓိပ္ပာယ်မရှိကြောင်း ၎င်း၏ ကုမ္ပဏီက ETtoday သတင်းဝက်ဘ်ဆိုက်ကို ပြောကြားခဲ့သည်။

ဖန်၏ အခွန်ရှောင်မှု အရှုပ်တော်ပုံအား စုံစမ်းစစ်ဆေးမှုသည် ပြီးစီးပြီဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိမှုကို ထုတ်ပြန်ရန်အတွက် အာဏာပိုင်များက စက်တင်ဘာလလယ်တွင် သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း Apple Daily က ဖော်ပြခဲ့သည်။ ထိပ်တန်းအမျိုးသမီး သရုပ်ဆောင်တစ်ဦးဖြစ်သည့် ဖန်ပင်းပင်းသည် များပြားသည့် အနုပညာကြေးရရှိမှုကို ဖုံးကွယ်ရန် စာချုပ်လိမ်လည်ချုပ်ဆိုခဲ့သည်ဟု ရုပ်သံသတင်းတင်ဆက်သူ Cui Yongyuan က ဇွန်တွင် အွန်လိုင်း၌ ဖွင့်ချခဲ့သည်။ ဖန်ကမူ ယင်းစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

Cui ၏ စွပ်စွဲချက်များ ထွက်ရှိခဲ့ပြီးနောက် အခွန်အာဏာပိုင်များက ကျန်ဆုပြည်နယ်တွင် အနုပညာရှင်များကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့သည်။ အမည်ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း ဖန်၏ စတူဒီယိုသည် ကျန်ဆုပြည်နယ်တွင် အခြေစိုက်သည်ဟု သိရသည်။ အသက် ၃၆ နှစ်အရွယ်ရှိ ဖန်သည် အခွန်ရှောင်ရန် Cell Phone 2 ဇာတ်ကားအတွက် သရုပ်ဆောင်ကြေးကို စာချုပ်နှစ်ခုဖြင့် ချုပ်ဆိုခဲ့သည်ဟု Cui က ပြောကြားခဲ့သည်။ ယင်းစွပ်စွဲချက်များ ထွက်ရှိခဲ့ပြီးနောက် ဖန်သည် ဇာတ်ကားရိုက်ကူးမှု သုံးနှစ်ပိတ်ပင်ခံခဲ့ရပြီး တရုတ်နိုင်ငံမှ ထွက်ခွာခွင့်လည်း တားမြစ်ခံခဲ့ရသည်ဆိုသော ကောလာဟလများ ထွက်ရှိခဲ့သည်။

ယခုနှစ် ကိန်းရုပ်ရှင်ပွဲတော်၏ ဂျူရီအဖွဲ့တွင် ပါဝင်ခဲ့သည့် ဖန်သည် Forbes မဂ္ဂဇင်း၏ ၂၀၁၆ ခုနှစ် ဝင်ငွေအကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်များစာရင်းတွင် ဒေါ်လာ ၁၇ သန်းဖြင့် နံပါတ်ငါးနေရာတွင် ဖော်ပြခံခဲ့ရသည်။