တေးသံရှင်တင်ဇာမော်၏ ခုနစ်ပွဲမြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲ 7 Concert အား အောက်တိုဘာ ၆ ရက်တွင် မန္တလေးမြို့၌ ပြုလုပ်မည်

တေးသံရှင်တင်ဇာမော်၏ ခုနစ်ပွဲမြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲ 7 Concert အား အောက်တိုဘာ ၆ ရက်တွင် မန္တလေးမြို့၌ ပြုလုပ်မည်
Published 22 August 2018

တေးသံရှင်တင်ဇာမော်၏ ယခင်နှစ်က အောင်မြင်ခဲ့သည့် 7 Concert တစ်ကိုယ်တော်ဖျော်ဖြေပွဲအား ယခုနှစ်တွင်လည်း ထပ်မံပြုလုပ်မည်ဖြစ်ရာ အောက်တိုဘာ ၆ ရက်တွင် မန္တလေးမြို့၌ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ 7 Concert မှာ Nine Planets Entertainment မှ စီစဉ်ခြင်းဖြစ်ကာ ယခုနှစ်တွင်လည်း ခမ်းနားသည့် ဂီတဖျော်ဖြေပွဲတစ်ပွဲအဖြစ် စီစဉ်တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မနှစ်တုန်းကပြုလုပ်ခဲ့ပြီး ပရိသတ်တွေနဲ့ မတင်ဇာမော်တို့အတွက် အမှတ်တရ ပွဲတစ်ခုဖြစ်ခဲ့တဲ့ 7 Concert ကိုအခုနှစ်မှာလည်း ထပ်မံပြုလုပ်ပါမယ်။ 7 Concert မှာ မတင်ဇာမော်အနေနဲ့ အနုပညာမှတ်တိုင်တစ်ခုအနေနဲ့ တင်ဆက်နိုင်ခဲ့တာ ဖြစ်သလို အခုနှစ်မှာလည်း အကောင်းဆုံး ပြင်ဆင်မှုတွေနဲ့ တင်ဆက်သွားဖို့ တိုင်ပင်နေကြပါပြီ။ ဒီပွဲလေးကို အခုနှစ်မှာ အရင်နှစ်က တင်ဆက်နိုင်ခဲ့တဲ့ ခမ်းနားမှုတွေအတိုင်း မန္တလေးမှာ ပြုလုပ်ပါမယ်။ အောက်တိုဘာ ၆ ရက်မှာလုပ်ဖို့ စီစဉ်ထားပါတယ်” ဟု Nine Planets Entertainment မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

တေးသံရှင် တင်ဇာမော်ကလည်း “အစ်မတို့ မနှစ်တုန်းကလည်း 7 Concert အမည်နဲ့ ပရိသတ်တွေနဲ့အတူ အမှတ်တရပွဲတစ်ပွဲ ဆိုနိုင်ခဲ့တယ်။ ဒီပွဲလေးက ပရိသတ်များလည်း ပျော်ရွှင်ကျေနပ်ခဲ့ရသလို အစ်မကိုယ်တိုင်လည်း အနုပညာရှင် တစ်ဦးအနေနဲ့ အမှတ်တရများစွာ ပိုင်ဆိုင်နိုင်ခဲ့တဲ့ ပွဲလေးပါ။ အခုဒီနှစ်မှာလည်း ဒီလိုပွဲတစ်ပွဲကို ထပ်မံကျင်းပမယ် ဆိုတဲ့အခါ ပရိသတ်များကလည်း ဆိုစေချင်ကြတာကြောင့် လုပ်ဖြစ်ပါမယ်။ အကောင်းဆုံးပွဲလေး တစ်ပွဲဖြစ်အောင် အများကြီး ပြင်ဆင်ကြိုးစား သွားပါမယ်။ အသေးစိတ် တိုင်ပင်ပြီးသွားရင် ပရိသတ်တွေကို အသိပေးသွားပါမယ်” ဟု ဆိုသည်။

7 Concert ဂီတဖျော်ဖြေပွဲမှာ ၂၀၁၇ ခုနှစ်က ရန်ကုန်မြို့ Thuwunna Bhumi Event Park ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တေးသံရှင် တင်ဇာမော်က အပိုင်းများခွဲ၍ တင်ဆက်ခဲ့ခြင်းဖြစ်သည်။