ကမ္ဘာ့ထိပ်တန်းဒီဂျေ Alan Walker နှင့် ဒီဂျေများစွာပါဝင်မည့် We are Connected EDM Festival ပြုလုပ်မည်

ကမ္ဘာ့ထိပ်တန်းဒီဂျေ Alan Walker နှင့် ဒီဂျေများစွာပါဝင်မည့် We are Connected EDM Festival ပြုလုပ်မည်
Published 15 August 2018

ကမ္ဘာ့ထိပ်တန်းဒီဂျေ Alan Walker နှင့် ဒီဂျေများစွာပါဝင်မည့် We are Connected EDM Festival အား စက်တင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့ Thuwunna Bhumi Event Park ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရ သည်။ အဆိုပါ EDM Festival တွင် Headliner အဖြစ် ပါဝင်တင်ဆက်မည့် Alan Walker မှာ ကမ္ဘာ့ထိပ်တန်းဒီဂျေ Producer တစ်ဦးဖြစ်သည်။ ထပ်မံအားဖြည့်ပါဝင်မည့် ဒီဂျေတစ်ဦးမှာ Sander  Van Doorn ဖြစ် သည်။ အခြားသော ပြည်တွင်းပြည်ပမှ ထိပ်တန်းဒီဂျေများစွာ ပါဝင်မည်ဖြစ်သဖြင့် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“We are Connected ပွဲကိုအားပေးကြမယ့် ပရိသတ်တွေအတွက် Headliner အဖြစ် ပါဝင်မယ့် ဒီဂျေတွေကို စတင်ကြေညာထားပါတယ်။ ထပ်မံပါဝင်သွားမယ့် ပြည်တွင်းပြည်ပက ဒီဂျေတွေကိုလည်း အသိပေး ကြေညာသွားမှာပါ။ အစဉ်အလာမပြတ် ကျင်းပနေကျအတိုင်းပဲ အရှိန်အမြင့်ဆုံးတင်ဆက်မှုတွေနဲ့အတူ ပရိသတ်ကျေနပ်စေမယ့် ပွဲတစ်ပွဲဖြစ်အောင် တင်ဆက်သွားပါမယ်” ဟု We are Connected ပွဲအား စီစဉ်သူတစ်ဦးက ဆိုသည်။

We are Connected တွင် Headliner အဖြစ်ပါဝင်မည့် Alan Walker မှာ ကမ္ဘာ့ထိပ်တန်း ဒီဂျေတစ်ဦးဖြစ်ကာ ၎င်းဖန်တီးခဲ့သည့် FADED သီချင်းမှာ ကမ္ဘာတစ်ဝန်း အောင်မြင်ခဲ့သည့် တေးသီချင်းလည်းဖြစ်သည်။ ထို့ပြင်ထပ်မံထွက်ရှိထားသည့် Sing me to sleep ၊ Alone ၊ Spectre၊ Ignite စသည့်တေးသီချင်းများမှာလည်း ပရိသတ်အားပေးမှုများပြားနေသည့်အပြင် လက်ရှိတွင်လည်း World Top 100 DJ mag တွင် ကမ္ဘာ့အဆင့် ၁၇ နေရာ၌ ရပ်တည်နေသူဖြစ်သည်။ မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက် ဖျော်ဖြေတင်ဆက်ရန် စီစဉ်ထားခြင်းလည်း ဖြစ်သည်။

ထပ်မံကြေညာထားသည့် DJ Sander Van Doorn မှာ နိုင်ငံတကာတွင်အောင်မြင်လျက်ရှိသည့် DJ Producer တစ်ဦးဖြစ်သည်။ DJ mag ၏ Top 100 DJ list တွင်လည်း ၂၀၀၆ မှ ၂၀၁၅ ခုနှစ်အထိ ၁၀ နှစ် ဆက်တိုက်နေရာတစ်နေရာကို ရယူထားနိုင်သူ တစ်ဦးလည်းဖြစ်သည်။ We are Connected  ဖျော်ဖြေပွဲတွင် DJ Sander Van Doorn ၏ ဖျော်ဖြေတင်ဆက်မှုများအား ခံစားနိုင်မည်ဖြစ်သည်။ ဖျော်ဖြေပွဲအတွက် ကြိုတင်လက်မှတ်များအားလည်း ရောင်းချလျက်ရှိကာ လက်မှတ်ဈေးနှုန်းများအနေဖြင့် GA ကျပ် ၂၅၀၀၀၊ PGA ကျပ် ၃၀၀၀၀၊  VIP ကျပ် ၇၀၀၀၀ သတ်မှတ်ထားပြီး တရားဝင်သတ်မှတ်ထားသည့် နေရာများမှသာ ဝယ်ယူကြရန်လည်း အသိပေးထားကြောင်း သိရသည်။