တေးသံရှင်အိမ့်ချစ်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ အကယ်ဒမီဓိရာမိုရ်၏ သံစုံတီးဝိုင်းဖြင့်တွဲဖက်ပြီး တင်ဆက်ရန်စီစဉ်

တေးသံရှင်အိမ့်ချစ်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ အကယ်ဒမီဓိရာမိုရ်၏ သံစုံတီးဝိုင်းဖြင့်တွဲဖက်ပြီး တင်ဆက်ရန်စီစဉ်
Published 30 July 2018

တေးသံရှင်အိမ့်ချစ်သည် တစ်ကိုယ်တော်ဖျော်ဖြေပွဲတစ်ပွဲ အား ထပ်မံကျင်းပရန် စီစဉ်ထားပြီး အကယ်ဒမီဓိရာမိုရ်၏ သံစုံတီးဝိုင်းဖြင့် တင်ဆက်ရန်စီစဉ်ထားကြောင်း သိရသည်။ အဆိုပါဂီတ ဖျော်ဖြေပွဲကို ယခုနှစ်ကုန်ပိုင်း(သို့မဟုတ်) နောက်နှစ်ဆန်းပိုင်းတွင် ကျင်းပနိုင်ရန်စီစဉ်သွားမည် ဖြစ်သည်။ တေးသံရှင်အိမ့်ချစ်သည် အကယ်ဒမီဓိရာမိုရ် ဦးဆောင်တင်ဆက်သည့် NUAC Orchestra Showcase တွင်တေးသီချင်းများ ဖြင့်ပါဝင်တင်ဆက်ခဲ့ပြီး သံစုံတီးဝိုင်းဖြင့် တွဲဖက်တင်ဆက်မှုအပေါ် ပရိသတ်အားပေးမှုလည်းများပြားခဲ့ကြောင်း သိရသည်။

“အိမ့်ချစ်ရဲ့တစ်ကိုယ်တော်ပွဲ ထပ်လုပ်ဖို့ရှိပါတယ်။ အဓိကတော့ ဒီပွဲမှာကိုဓိရာမိုရ်ရဲ့ သံစုံတီးဝိုင်းနဲ့ တွဲဖက်တင်ဆက်ဖို့ စိတ်ကူးထားတယ်။ NUAC ပွဲမှာပါဝင်သီဆိုခဲ့ရာမှာလည်း အမှတ်တရတွေ အများကြီးပါပဲ။ အိမ့်ချစ်ရဲ့သီချင်းလေးတွေကို အကောင်းဆုံးဖြစ်အောင် တီးခတ်ပုံဖော်ပေးခဲ့ကြတဲ့အတွက် လည်းကျေးဇူးတင်ပါတယ်။ ပရိသတ်တွေကလည်း ဒီတင်ဆက်မှု လေးကိုအားပေးကြလို့ ကျေးဇူးတင်ပါတယ်။ အိမ့်ချစ်ရဲ့တစ်ကိုယ်တော်ပွဲကျရင်လည်း ကိုဓိရာမိုရ်တို့နဲ့တိုင်ပင်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါမယ်။ အချိန်ယူပြင်ဆင် ပြီးမှတင်ဆက်သွားမှာပါ။ ဒီကြားထဲမှာတော့အိမ့်ချစ်ရဲ့ မီနီအယ်လ်ဘမ် ခွေတစ်ခွေထွက်ပါဦးမယ်။ အဲဒီ အခွေလေးမှာတော့ သီချင်းခြောက် ပုဒ်ပါဝင်ပြီး အင်္ဂလိပ်ဘာသာနဲ့ရေး သားသီဆိုထားတဲ့ သီချင်းတွေချည်းပါပဲ” ဟု တေးသံရှင်အိမ့်ချစ်က ဆိုသည်။

တေးသံရှင်အိမ့်ချစ်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ၂၀၁၇ နိုဝင်ဘာလဆန်းတွင်ကျင်းပခဲ့ပြီး ပရိသတ်အပြည့်အလျှံ အားပေးခဲ့သည်။ ယခုနှစ်အတွင်းတွင် ပရိသတ်များနှင့် နွေးထွေးစွာဖျော်ဖြေခဲ့သည့် mini concert တစ်ခုကိုလည်း ဇွန်လအတွင်းတွင် ရန်ကုန်မြို့ Hard Rock Cafe ၌ ပြုလုပ်ခဲ့သည်။ တေးသံရှင်အိမ့်ချစ်သည် စက်တင်ဘာလအတွင်းတွင် မီနီအယ်လ်ဘမ်တစ်ခု ထွက်ရှိမည်ဖြစ်ကာ အင်္ဂလိပ်ဘာသာဖြင့်ရေးသားသီဆိုထားသည့် တေးသီချင်းခြောက်ပုဒ်ပါဝင်မည် ဖြစ်သည်။