Asadal Chronicles ဇာတ်လမ်းတွဲတွင် ဆောင်ဂျွန်ကီက အဓိကဇာတ်ကောင်အဖြစ် ပါဝင်မည်

Asadal Chronicles ဇာတ်လမ်းတွဲတွင် ဆောင်ဂျွန်ကီက အဓိကဇာတ်ကောင်အဖြစ် ပါဝင်မည်
Published 27 July 2018

 

ကိုရီးယားသရုပ်ဆောင် ဆောင်ဂျွန်ကီက Asadal Chronicles ဟု ယာယီအမည်ပေးထားသည့်ဇာတ်လမ်းတွဲတွင် အဓိကဇာတ်ကောင် အဖြစ် ပါဝင်မည်ဟု ဆောင်၏အေဂျင်စီ Blossom Entertainment က ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Asadal အမည်ရ စိတ်ကူးယဉ်နိုင်ငံတွင် အာဏာယှဉ်ပြိုင်မှု၊ အချစ်နှင့် ကြီးပွားတိုးတက်မှုအကြောင်း ရိုက်ကူးမည့် သမိုင်းနောက်ခံ စိတ်ကူးယဉ် ဒရာမာဇာတ်လမ်းတွဲတွင် ဆောင်နှင့်အတူ ဂျန်ဒေါင်ဂန်းနှင့် ကင်ဂျီဝန်တို့လည်း ပါဝင်မည်ဖြစ်သည်။

ဒါရိုက်တာ ကင်ဝန်ဆု ရိုက်ကူးမည့် ဇာတ်လမ်းတွဲအတွက် ဇာတ်ညွှန်းကို ပက်ဆန်ယွန်က ရေးသားမည်ဖြစ်သည်။ Asadal Chronicles ဇာတ်လမ်းတွဲကို ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်၌ TVN ရုပ်သံတွင် ထုတ်လွှင့်ရန် စီစဉ်ထားသည်။

ယင်းဇာတ်လမ်းတွဲသည် Descendants of the Sun ဇာတ်လမ်းတွဲ ရိုက်ကူးပြီးနောက် နှစ်နှစ်အကြာတွင် ဆောင်နှင့် ကင်တို့ ပထမဆုံးအကြိမ် တွဲဖက်သရုပ်ဆောင်မည့် ဇာတ်လမ်းတွဲလည်း ဖြစ်သည်။

အသက် ၃၂ နှစ်အရွယ်ရှိ ဆောင်ဂျွန်ကီသည် စစ်မှုထမ်းပြီးနောက် ပထမဆုံး ရိုက်ကူးခဲ့သည့် Descendants of the Sun ဇာတ်လမ်းတွဲဖြင့် တစ်ကျော့ပြန်အောင်မြင်မှု ရရှိခဲ့သည်။ ယင်းဇာတ်လမ်းတွဲသည် ကိုရီးယားတွင် ပရိသတ်ကြည့်ရှုမှုနှုန်း ၄၁ ဒသမ ၆ ရာခိုင် နှုန်းအထိ မြင့်တက်ခဲ့သည်။ ယင်းဇာတ်လမ်းတွဲသည် ဆောင်ကို အာရှတွင် ကျော်ကြားသည့် ကိုရီးယားသရုပ်ဆောင်အဖြစ် အခိုင်အမာရပ်တည်စေနိုင်ခဲ့သည့် ဇာတ်လမ်းတွဲလည်းဖြစ်သည်။ ဆောင်သည် Forbes မဂ္ဂဇင်း၏ ၂၀၁၇ ခုနှစ် သြဇာလွှမ်းမိုးမှု အရှိဆုံး ကိုရီးယားအနုပညာရှင်စာရင်းတွင် နံပါတ်နှစ်နေရာ၌ ဖော်ပြ ခံခဲ့ရသည်။