Prometheus ဇာတ်လမ်းတွဲတွင် ဟာဂျီဝန်းက သူလျှိုဇာတ်ကောင်အဖြစ် ပါဝင်မည်

Prometheus ဇာတ်လမ်းတွဲတွင် ဟာဂျီဝန်းက သူလျှိုဇာတ်ကောင်အဖြစ် ပါဝင်မည်
Published 6 July 2018

သည်းထိတ်ရင်ဖိုသူ လျှိုဇာတ်လမ်းတွဲ Prometheus တွင် ကိုရီးယားအမျိုးသမီးသရုပ်ဆောင် ဟာဂျီဝန်းက အဓိကဇာတ်ကောင်အဖြစ် ပါဝင်မည်ဟု ဆိုးလ်အခြေစိုက် Story Rhyme PR ကုမ္ပဏီက ဇူလိုင် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဟာဂျီဝန်းသည် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် ဆက်စပ်သည့် လျှို့ဝှက်မစ်ရှင်တစ်ခုအတွက် တာဝန်ပေးအပ်ခံရသည့် ထောက်လှမ်းရေးအရာရှိ Chae Eun Seo ဇာတ်ကောင်အဖြစ် သရုပ်ဆောင်မည်ဟု ယင်းဇာတ်လမ်းတွဲ ထုတ်လုပ်ရေးနှင့်ဆက်စပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

ယင်းဇာတ်လမ်းတွဲတွင် ဟာဂျီဝန်းပါဝင်သည့် ဇာတ်ကောင်သည် ကိုရီးယားဒရာမာ ဇာတ်လမ်းတွဲများတွင် တွေ့ရခဲသည့် ဇာတ်ကောင်မျိုးဖြစ်သည်ဟု ယင်းသတင်းရင်းမြစ်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနှင့် အမေရိကန်အကြား လတ်တလောပြုလုပ်ခဲ့သည့် ထိပ်သီးဆွေးနွေးပွဲနှင့် နျူကလီးယားလက်နက်ဖျက်သိမ်းရန်အတွက် မြောက်ကိုရီးယား၏ ကတိပြုမှု စသည့်ဖြစ်စဉ်များအပြီးတွင် ယင်းဇာတ်လမ်းတွဲရိုက်ကူးမည့်သတင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်များကို ရွေးချယ်နေဆဲဖြစ်ပြီး ၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် ထုတ်လွှင့်ရန် စီစဉ်ထားသည်ဟု ယွန်ဟပ်သတင်းအေဂျင်စီတွင် ဖော်ပြခဲ့သည်။ Prometheus ဇာတ်လမ်းတွဲသည် လတ်တလောတွင် တောင်ကိုရီးယား၌ ငွေကြေးအများဆုံး သုံးစွဲမည့်ဇာတ်လမ်းတွဲဖြစ်ပြီး ဒေါ်လာ ၂၆ ဒသမ ၅ သန်း ကုန်ကျခံရိုက်ကူးရန် လျာထားသည်ဟု သိရသည်။ ယင်းဇာတ်လမ်းတွဲကို ကိုရီးယားအပါအဝင် နိုင်ငံငါးနိုင်ငံတွင် ရိုက်ကူးရန် စီစဉ်ထားသည်။

အသက် ၄၀ အရွယ်ရှိ ဟာဂျီဝန်းသည်  အက်ရှင်၊ ဇာတ်မြူး၊ သည်းထိတ်ရင်ဖို၊ ဒရာမာ စသည့်ဇာတ်ကောင်များဖြင့် စွယ်စုံရအမျိုးသမီးသရုပ်ဆောင်အဖြစ်အောင် မြင်မှုရရှိခဲ့သည်။ Prometheus ဇာတ်လမ်းတွဲသည် ဟာအတွက် သူလျှိုဇာတ်ကောင်အဖြစ် ဒုတိယမြောက်ပါဝင်သည့် ဇာတ်လမ်းတွဲလည်းဖြစ်သည်။ ဟာသည် စိတ်ကူးယဉ်သိပ္ပံရုပ်သံအစီအစဉ် Galileo း The Awakenend Universe တွင်လည်း ပါဝင်မည်ဖြစ်သည်။