<

တင်မောင်ဆန်းမင်းဝင်း ဇာတ်သဘင်အဖွဲ့ မိုးရာသီအပတ်စဉ်ဖျော်ဖြေပွဲများကို ဇူလိုင်လအတွင်းမှစတင်ကာ ကန်တော်ကြီးမျှော်စင်ကျွန်း၌် ပြုလုပ်သွားမည်

တင်မောင်ဆန်းမင်းဝင်း ဇာတ်သဘင်အဖွဲ့၏ မိုးရာသီအပတ်စဉ်ဖျော်ဖြေပွဲများကို  ဇူလိုင်လအတွင်းမှစတင်ကာ ရန်ကုန်မြို့ ကန်တော်ကြီးမျှော်စင်ကျွန်းတွင် ကျင်းပသွားမည်ဟု သိရသည်။

“ဒီနှစ်မှာတော့ ရန်ကုန်မှာ မိုးရာသီ ဖျော်ဖြေပွဲကို လေးနှစ်မြောက်အနေနဲ့တင်ဆက်ကပြဖြစ်တာပါ။ တစ်နှစ်နဲ့ တစ်နှစ်မတူအောင်လည်း စီစဉ်တင်ဆက်ပါတယ်။ ဒီနှစ် မိုးရာသီ ဖျော်ဖြေပွဲမှာ တင်ဆက်တာတွေက လာမယ့် သဘင်ရာသီသစ်မှာ ဖျော်ဖြေမယ့် တင်ဆက်မှုတွေပါ။ ဒီပွဲကို ကပြဖြစ်တာက မိုးရာသီဆိုရင် ပွဲတွေနားလေ့ရှိတဲ့အတွက် ဇာတ်အဖွဲ့သားတွေရဲ့စားဝတ်နေရေးအတွက်ရော၊ ရန်ကုန်လိုမြို့ကြီးမှာ အချိန်ပိုင်း ကြည့်ရှုလို့ရမယ့် ဇာတ်သဘင်ဖျော်ဖြေတင်ဆက်မှုကို ရှိနေစေဖို့အတွက်ရော တင်ဆက် ဖြစ်တာပါ။ ဒီနှစ်မှာတော့ နောက်ပိုင်းဇာတ်တော်ကြီးတွေကို စီစဉ်တင်ဆက်ဖို့အဓိက စီစဉ်ထားပါတယ်။ နောက်ပိုင်းဇာတ်တော်တွေထဲကနေမှ ကျွန်တော်တို့တွေနဲ့နီးစပ်မှုရှိ နတ်သမိုင်းတွေကို ဒီနေ့ခေတ်ပရိသတ်တွေ မပျင်းရအောင်ရယ် ကိုယ်နိုင်တဲ့အင်အားနဲ့ ကပြနိုင်တာလေးတွေကို အကောင်းဆုံးဖြစ်အောင် တင်ဆက်သွားဖို့ စီစဉ်ထားပါတယ်။ ဒီနှစ်မှာတော့ သားပူတူး (မင်းရွှေရောင်တင်)က နယ်မှာကျောင်းတက်နေတာဖြစ်လို့ အပတ်စဉ်တိုင်း ပါဝင်ကပြဖြစ်မှာမဟုတ်ပါဘူး။ အဲဒီအတွက်လည်း သူ့ရဲ့ပရိသတ်တွေကို နားလည်ပေးဖို့နဲ့ပွဲကိုလာပြီး အားပေးဖို့ တောင်းဆိုချင်ပါတယ်။ ဒီပွဲတွေကို မြို့မှာနေတဲ့ လူငယ်ပရိသတ်တွေကိုလည်း မြန်မာ့ဇာတ်သဘင်နဲ့ နီးစပ်စေချင်တဲ့ ရည်ရွယ်ချက်လေး ပါတာဖြစ်လို့ လူငယ်တွေကိုလည်း လာရောက် အားပေးဖို့ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့တွေ အကောင်းဆုံးဖျော်ဖြေ တင်ဆက်ကြမှာပါ ” ဟု တင်မောင်ဆန်းမင်းဝင်းက ဆိုသည်။

ယင်းဖျော်ဖြေမှုတွင် ဘုရားကန်တော့၊ နတ်ပင့်၊ အပျိုတော်၊ ပဏာမအစီအစဉ်၊ မြန် မာသံသီဆိုမှု၊ နောက်ပိုင်းဇာတ်တော် တင်ဆက်မှုနှင့်နှစ်ပါးသွားအစီအစဉ်များကို တင်ဆက်ကပြမည်ဟု သိရသည်။

မိုးရာသီ အပတ်စဉ်ဖျော်ဖြေတင်ဆက်မှုများကို ဇူလိုင်လ တတိပတ်မှ စတင်ကာ အပတ်စဉ် စနေနှင့်တနင်္ဂနွေညများတွင် ပြုလုပ်သွားမည်ဟု သိရသည်။

June 10, 2018














Copy Protected by Chetan's WP-Copyprotect.