မြဂနိုင်ရုပ်ရှင်ဇာတ်ကားအား Memory of the World Asia Pacific Region ၏ Documentary Heritage အဖြစ် ရွေးချယ်ခံရ

မြဂနိုင်ရုပ်ရှင်ဇာတ်ကားအား Memory of the World Asia Pacific Region ၏ Documentary Heritage အဖြစ် ရွေးချယ်ခံရ
Published 2 June 2018

မြဂနိုင်ရုပ်ရှင်ဇာတ်ကားအား Memory of the World Asia Pacific Region  ၏ Documentary Heritage အဖြစ် ရွေးချယ်ခံလိုက်ရကြောင်းသိရသည်။ မှတ်တမ်းအမွေအနှစ်များဆိုင်ရာ အာရှ ပစိဖိတ်ကော်မ တီအစည်းအဝေးကို ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့၌ ကျင်းပလျက်ရှိရာတွင် မြန်မာနိုင်ငံမှ ယူနက်စကို အမျိုးသားကော်မရှင်အတွင်းရေးမှူးချုပ်အဖြစ်တစ်ဦးက ပါဝင်တက်ရောက်ခဲ့ပြီး မြဂနိုင်ဇာတ်ကားအား  Documentary Heritage အဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

မြဂနိုင်ရုပ်ရှင်ဇာတ်ကားမှာ ၁၉၃၄ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် ရှေးဟောင်းသမိုင်းဝင် ဇာတ်ကားတစ်ကားဖြစ်ပြီး Memory Film Festival 2016 တွင် ယင်းဇာတ်ကားကို Restore ပြုလုပ်ကာ ထိန်းသိမ်းနိုင်ခဲ့သည်။ ယင်းဇာတ်ကားကို ဒါရိုက်တာမောင်ဝဏ္ဏ၏သားဖြစ်သူ ဒါရိုက်တာဥက္ကာနှင့် မြန်မာ့ ရုပ်ရှင်အမွေအနှစ်များ ထိန်းသိမ်းလိုသူများ ပူးပေါင်းဖွဲ့စည်းထားသည့် Save Myanmar Film အဖွဲ့က documentary Heritage အဖြစ် သတ်မှတ်နိုင်ရန် ကြိုးပမ်းခဲ့ကြရာမှ အကောင်အထည် ပေါ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဆုံး Documentary အဖြစ် ကြိုးပမ်းနိုင်ခဲ့သည့် မြဂနိုင်ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာမောင်တင်မောင်က ရိုက်ကူးခြင်းဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ဒေါ်မြင့်မြင့်၊ ဦးချစ်ရွှေ၊

ဦးဘစောကြီးနှင့် သရုပ်ဆောင်များ ပါဝင်ထားသည်။ ယင်းဇာတ်ကားတွင် သားရဲ တိရစ္ဆာန်များ ပေါများသည့် တောတစ်ခုတွင် နေထိုင်ကြီးပြင်းလာသူ မြင့်မြင့်ဆိုသူမိန်းကလေးမှာ မြင်းစီးထွက်ရင်း မတော်တဆဖြစ်ပြီးနောက် ရန်ကုန်မှာ ခေတ္တအလည်ရောက် ရှိလာသူလူငယ်တစ်ဦးက ကယ်တင်ခဲ့ပုံ၊ ယင်းမှတစ်ဖန် ပြန်လည်ကွဲကွာသွားပြီး အဆိုပါလူငယ်မှာ ရန်ကုန်သို့ ပြန်သွားချိန်တွင် အခက်အခဲ အလှည့်အပြောင်းများစွာဖြင့် ကြုံတွေ့ရကာ မြင့်မြင့်နှင့် တစ်ဖန်ပြန်လည်ဆုံတွေ့ပုံ၊ တောအတွင်း စွန့်စားခန်းများစွာဖြင့် ဖြတ်သန်းရပုံ၊ အဆုံးသတ်တွင် ချစ်သူနှစ်ဦးအဖြစ် ပျော်ရွှင်စွာပေါင်းဖက်ရပုံတို့ကို စိတ်လှုပ်ရှားဖွယ်တင်ဆက်ထားသည့် ဇာတ်ကားဖြစ်ကာ တောတွင်းစွန့်စားခန်းများစွာ ပါဝင်သည့် ဇာတ်ကားလည်း ဖြစ်သည်။

မြဂနိုင်ရုပ်ရှင်ဇာတ်ကားမှာ ဒစ်ဂျစ်တယ် ဇာတ်ကားအဖြစ် Restore ပြုလုပ်ပြီးနောက် Memory Film Festival တွင် လည်းပြသခွင့်ရရှိကာ နိုင်ငံတကာရုပ်ရှင်ပွဲတော် တချို့တွင်လည်း ပါဝင်ပြသခွင့်ရခဲ့သည့် ဇာတ်ကားဖြစ်သည်။

Most Read

Most Recent