ဟာရီ၏ မင်္ဂလာပွဲ၌ အပျိုရံနှင့် ရှေ့ထွက်လုပ်မည့်သူများထဲတွင် ဝီလျံမင်းသား၏ ကလေးများ ပါဝင်

ဟာရီ၏ မင်္ဂလာပွဲ၌ အပျိုရံနှင့် ရှေ့ထွက်လုပ်မည့်သူများထဲတွင် ဝီလျံမင်းသား၏ ကလေးများ ပါဝင်
Published 18 May 2018

ဗြိတိန်မင်းသားဟာရီနှင့် အမေရိကန်သရုပ်ဆောင် မက်ဂန်မာခယ်တို့၏ မင်္ဂလာပွဲအတွက် အပျိုရံနှင့် ရှေ့ထွက်လုပ်မည့်သူများထဲတွင် ဝီလျံမင်းသား၏ သားနှင့် သမီးတို့ ပါဝင်မည်ဟု ကင်ဆင်တန်နန်းတော်က မေ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သတို့သမီးအရံလုပ်မည့် သူအားလုံးသည် ကလေးများဖြစ်ကြောင်း၊ မာခယ်က ၎င်း၏သူငယ်ချင်းများကို သတို့သမီးအရံများအဖြစ် မရွေးချယ်ခဲ့ကြောင်း ကင်ဆင်တန်နန်းတော်က ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။

အသက်သုံးနှစ်အရွယ်ရှိ ရှားလော့မင်းသမီးသည် အသက်သုံးနှစ်အရွယ်ရှိ  ဖလောရင့်ဗန်ကန်ဆမ်၊ အသက်နှစ်နှစ်အရွယ်ရှိ ဇာလီဝါရင်း၊ ဟာရီ၏ ခေါင်းကိုင်သမီးများဖြစ်သည့် အသက်ခြောက်နှစ်အရွယ်ရှိ ရီမီနှင့် အသက် ခုနစ်နှစ်အရွယ်ရှိ ရွိုင်လန်လစ်၊ မာခယ်၏ ခေါင်းကိုင်သမီးဖြစ်သည့် အသက်လေးနှစ်အရွယ်ရှိ  အိုင်ဗီမူရွန်နီတို့နှင့်အတူ မင်္ဂလာပွဲတွင် သတို့သမီးအရံလုပ်မည် ဖြစ်သည်။ အိုင်ဗီမူရွန်နီသည် မာခယ်၏ သူငယ်ချင်း ဂျက်ဆီကာမူရွန်နီ၏ သမီးဖြစ်သည်။

အသက်လေးနှစ်အရွယ်ရှိ မင်းသားဂျော့ချ်သည် မူရွန်နီသားများဖြစ်သည့် အသက်ခုနစ်နှစ်အရွယ်ရှိ ဘရိုင်ယန်နှင့် ဂျွန်မူရွန်နီ၊ ဟာရီ၏ ခေါင်းကိုင်သားဖြစ်သည့် အသက်ခြောက်နှစ်အရွယ်ရှိ ဂျက်စပါဒိုင်ယာတို့နှင့်အတူ ရှေ့ထွက်လုပ်ဆောင်မည် ဖြစ်သည်။

မင်းသား ဂျော့ချ်နှင့် ရှားလော့မင်းသမီးသည် ကိတ်မစ်ဒယ်တန်၏ ညီမဖြစ်သူ ပစ်ပါမစ်ဒယ်တန်၏ မင်္ဂလာပွဲတွင်လည်း သတို့သမီးအရံနှင့် ရှေ့ထွက်လုပ်ခဲ့ဖူးသည်။ ဝီလျံမင်းသားနှင့် ကိတ်တို့၏ အငယ်ဆုံးသား လူဝီသည် မင်္ဂလာပွဲကို တက်ရောက်မည်မဟုတ်ဟု ကင်ဆင်တန်နန်းတော်က ထုတ်ပြန်ခဲ့သည်။

မာခယ်၏ ဖခင်သည် နှလုံးခွဲစိတ်ကုသ မှုခံယူရမည်ဖြစ်သောကြောင့် မင်္ဂလာပွဲကို တက်ရောက်တော့မည်မဟုတ်ဟု TMZ ဝက်ဘ်ဆိုက်က မေ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။

ဟာရီနှင့် မာခယ်တို့၏မင်္ဂလာပွဲကို ဝင်ဆာရဲတိုက်ရှိ စိန့်ဂျော့ချ်ဝတ်ပြုဆောင်၌ မေ ၁၉ ရက်တွင် ပြုလုပ်မည် ဖြစ်သည်။ ဟာရီတို့ စုံတွဲသည် မေ ၁၉ ရက်တွင် မြို့ထဲ၌ စီတန်းလှည့်လည်မှုအတွက် Ascot Landau ရထား လုံးကို ရွေးချယ်ခဲ့သည်ဟု ကင်ဆင်တန်နန်းတော်က ထုတ်ပြန်ခဲ့သည်။