သရုပ်ဆောင်နန်းစန္ဒာလှထွန်း၏ ငယ်ဘဝဖြတ်သန်းရာ

သရုပ်ဆောင်နန်းစန္ဒာလှထွန်း၏ ငယ်ဘဝဖြတ်သန်းရာ
Published 17 May 2018

“ပရိသတ်တွေကအခုဆိုရင် အနုပညာရှင်အသစ်တွေကို အရမ်းကြိုဆိုလာတယ်။ နန်းတို့လို သရုပ်ဆောင်သစ်တွေက အဲဒီလို ကြိုဆိုလက်ခံပေးတဲ့၊ ချစ်ပေးတဲ့ပရိသတ်တွေ ရှိလို့သာ အခုလိုရပ်တည်နိုင်တာပါ။ အရိပ်ဇာတ်ကားမှာဆိုလည်း ဇာတ်ကောင်တွေက အများကြီးဆိုတော့ ကိုယ့်ကိုချစ်ပါ့မလား၊ အရင်ကအရမ်းအောင်မြင်တဲ့ ဇာတ်ကားဖြစ်တော့ ကိုယ်သရုပ်ဆောင်တာ အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူခဲ့တာ။ အခုလို နန်းကိုချစ်ပေးတဲ့အတွက် အရမ်းပျော်ရပါတယ်” လို့ ပြောလာသူက ပြုံးရွှင်အေးချမ်းတဲ့မျက်နှာ လေးကိုပိုင်ဆိုင်ထားသူ၊ လတ်တလောပြသနေတဲ့ 'အရိပ်' ဇာတ်ကားထဲက သက်သက်အဖြစ် သရုပ်ဆောင်နေသူ နန်းစန္ဒာလှထွန်းပါ။

 

နန်းစန္ဒာလှထွန်းကို တစ်ခုသောနှစ်ရဲ့ ဇွန် ၂၂ ရက်မှာ ရှမ်းပြည်နယ်မိုင်းပွန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ညီအစ်မသုံးယောက်ရှိတဲ့အနက် အကြီးဆုံးဖြစ်ပြီး ငယ်စဉ်ဘဝကို မိုင်းပွန်မြို့မှာ ကြီးပြင်းခဲ့ရသူပါ။ အရွယ်အနည်းငယ် ရောက်လာချိန်မှာတော့ တောင်ကြီးမြို့မှာ ဖြတ်သန်းခဲ့ပါတယ်။ ငယ်စဉ်ကလေးဘဝရဲ့အမှတ်တရကတော့ ညီအစ်မတွေ ပျော်ရွှင်စွာဖြတ်သန်းခဲ့တာဖြစ်ပြီး အငယ်တွေရဲ့အနိုင်ကျင့်ဗိုလ်ကျမှုကိုလည်း သည်းခံတတ်သူပါလို့ ဆိုပါတယ်။

“ငယ်ငယ်ကညီအစ်မတွေ အတူဆော့၊ အတူလျှောက်လည် အရမ်းပျော်စရာကောင်းတယ်။ ညီမအလတ်လေးက ဗိုလ်ကျသမျှလည်း အလျှော့ပေးရတယ်။ အမှတ်တရဆိုရင်တော့ နန်းက ညီမအငယ်ဆုံးလေးကို စက်ဘီးရှေ့က ကလေးထိုင်ခုံလေးမှာ ထည့်၊ နောက်မှာညီမ အလတ်ကိုတင်ပြီး သူငယ်ချင်းတွေနဲ့ စက်ဘီးပြိုင်နင်းကြတာ စက်ဘီးမှောက်ပြီး သုံးယောက် စလုံးပြုတ်ကျဖူးတယ်။ ညီမအငယ်ဆုံးလေးက ရွှံ့ထဲမှာပြုတ်ကျနေတာ။ အဲဒါလေးကတော့ အခုတွေးလည်း အရမ်းပျော်စရာ အမှတ်တရလေးပါ” လို့ နန်းစန္ဒာလှထွန်းက ဆိုပါတယ်။

နန်းစန္ဒာလှထွန်းက ကျောင်းပညာရေးအနေနဲ့တော့ မူလတန်းကို မိုင်းပွန်မှာတက်ခဲ့ပြီး အလယ်တန်း၊ အထက်တန်းနဲ့တက္ကသိုလ်ကိုတော့ တောင်ကြီးမြို့မှာ တက်ရောက်ခဲ့သူပါ။ စာတော်တဲ့ စာရင်းမှာပါပေမယ့် ထိပ်ဆုံးရောက်အောင်တော့ မထူးချွန်ဘူးလို့လည်း ဆိုပါတယ်။ ကျောင်းကပွဲတွေ၊ အနုပညာပွဲလမ်းသဘင်တွေမှာ ပါဝင်ခွင့်ရခဲ့တယ်လို့ဆိုပါတယ်။ ငယ်စဉ်ကတည်းက မော်ဒယ်လ်ရှိုးတွေ၊ ကြော်ငြာတွေကြည့်ရင်း ပုံစံတူ လိုက်လုပ်တတ်သူတစ်ယောက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ကိုတော့ အင်္ဂလိပ်ဘာသာ အထူးပြုနဲ့တက်ရောက်ခဲ့ပါတယ်။ တက္ကသိုလ်တက်စဉ်မှာ ကျောင်းပြဇာတ်တွေ၊ အနုပညာပွဲတွေမှာပါဝင်ခဲ့သလို တက္ကသိုလ်ရဲ့အလှဘုရင်မတစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရတာကြောင့် လူသိများသူလည်းဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်အဖြစ်ကို အလှမ်းဝေးလွန်းတာကြောင့် စိတ်ကူးမယဉ်ရဲခဲ့ဘူးလို့ နန်း စန္ဒာလှထွန်းက ဆိုပါတယ်။

“နန်းကကျောင်းတက်ရင်းနဲ့ ကျောင်းပြဇာတ်တွေ၊ အနုပညာပွဲတွေမှာပါဖြစ်ပြီး အရမ်း ဝါသနာပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်ဖြစ်ဖို့ ကအလှမ်းဝေလို့  စိတ်ကူးမယဉ်ရဲဘူး။ ဒါကြောင့် Miss ပွဲတွေ စပြိုင်ဖို့စိတ်ကူးခဲ့တယ်။ ပထမတော့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေက လုပ်တဲ့ ပြိုင်ပွဲတွေ ဝင်ပြိုင်တယ်။ Miss Now How အပါအဝင် ပြိုင်ပွဲတွေမှာ ဆုတွေရတယ်။ အဲဒီကြားထဲမှာ အကယ်ဒမီရွှေကြိုတွေခေါ်တော့ ဝင်လျှောက်ဖြစ်တယ်။ အဲဒီနှစ်က နာမည်ကြီးမော်ဒယ်တွေ အများကြီးဝင်ပြိုင်တော့ စိုးရိမ်စိတ်တော့ရှိတယ်။ ရွေးခံရတဲ့အချိန်မှာအရမ်းပျော်ပါတယ်။ အကယ်ဒမီပေးပွဲစင်မြင့်မှာ အကယ်ဒမီရုပ်လေးတွေကိုင်ပေးခွင့်ရတော့ ငါသာ တစ်နေ့ဖြစ်ရင်ဆိုပြီး မတွေးရဲတွေးရဲနဲ့ ရင်တွေခုန်၊ သူတို့အတွက်လည်း ဝမ်းသာရနဲ့ ခံစားချက်ကတော့ အစုံပါပဲ။ အကယ်ဒမီရွှေကြိုဖြစ်ခွင့်ရတာ ဘဝရဲ့တန်ဖိုးဖြတ်လို့မရတဲ့ အမှတ်တရပါ” လို့ နန်းစန္ဒာလှထွန်းက ဆိုပါတယ်။

အကယ်ဒမီရွှေကြိုအဖြစ် ရွေးချယ်ခံရအပြီးမှာတော့ Miss Myanmar World 2015 မှာ ပါဝင်ခဲ့ပြီး 1st Runner Up ဆုကိုရခဲ့ပါတယ်။ ဒီနောက်မှာတော့ ဘဝရဲ့ နောက်ထပ် အချိုးအကွေ့တစ်ခုအနေနဲ့ MRTV 4 ရဲ့ Talent Management မှာ ရွေးချယ်ခံရပြီး သရုပ် ဆောင်ဖြစ်လာဖို့ လေ့ကျင့်ပြင်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။ နန်းစန္ဒာလှထွန်းက ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲအနေနဲ့ 'ပဉ္စလက်ရွာ' ဇာတ်ကားမှာ ပါဝင်ခဲ့ရပါတယ်။

“ပဉ္စလက်ရွာ ဇာတ်ကားက စက်စက်ယိုရွာမှာ သွားရိုက်ထားတာ။ အရမ်းပူတဲ့အချိန်မှာ အရမ်းပူတဲ့နေရာကိုသွားရိုက်တာဆိုတော့ ပင်ပန်းပါတယ်။ အသားအရေဆိုလည်း ဇာတ်ကားထဲမှာပါခဲ့သလို ညိုသွားအောင် ဘာမှမလိမ်းဘဲ ရိုက်ခိုင်းခဲ့တယ်။ ဆံပင်လည်း အဲဒီအတိုင်း ညှပ်လိုက်ရတာ ရေဝတီဆိုတဲ့ဇာတ်ရုပ်ကို ပရိသတ်စိတ်တိုင်းကျပါ့မလား စိတ်ပူခဲ့တယ်။ ပရိသတ်တွေက အားပေးတော့ အရမ်းပျော်ရပါတယ်” လို့ နန်းစန္ဒာလှထွန်းက ဆိုပါတယ်။

နန်းစန္ဒာလှထွန်းက လက်ရှိထုတ်လွှင့် နေတဲ့ 'အရိပ်' ဇာတ်ကားမှာ ဖြူစင်ရိုးသားပြီး အေးချမ်းတဲ့သူနာပြုဆရာမလေး သက်သက် အဖြစ် သရုပ်ဆောင်ထားတာပါ။ ပီပြင်အောင်ကြိုးစားပုံဖော်ထားသလို ချစ်စရာကောင်းတဲ့ မျက်နှာသွင်ပြင်လေးကြောင့် လည်း ပရိသတ်ချစ်ခင်အားပေးမှု ပိုမိုရရှိလို့နေပါတယ်။ ဇာတ်ရုပ်တွေ အပြိုင်အဆိုင်များတဲ့ ဒီဇာတ်ကားမှာ သက်သက်ဆိုတဲ့ ဇာတ်ရုပ်ကိုလည်း ချစ်ခင်ပေးတာကြောင့် တကယ့်ကိုဝမ်းသာရတယ်လို့ နန်းစန္ဒာလှထွန်းက ဆိုပါတယ်။

လတ်တလောမှာ ရုပ်သံဇာတ်လမ်းတွဲတစ်ခု ထပ်မံရိုက်ကူးထားပြီး ဒီဇာတ်လမ်းတွဲမှာ မြင်ဖူးနေကျပုံစံနဲ့လုံးဝကွဲပြားတဲ့ ဟန်ပန်နဲ့ သရုပ်ဆောင်ထားတယ်လို့ဆိုပါတယ်။ ပျော်ရွှင်ရယ်မောစရာ ဇာတ်ကားလေးဖြစ်ပြီး ဒီဇာတ်ကားထဲမှာတော့ သွက်လက်ချက်ချာပြီး ခပ်စွာစွာ မိန်းကလေးအနေနဲ့တွေ့ မြင်ရမှာပါလို့ဆိုပါတယ်။ ဇွန်လမှာလည်း နောက်ထပ်ရုပ်သံဇာတ် လမ်းတွဲတစ်ခုမှာပါဝင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါသေးတယ်။

စကားပြောရင် ချစ်စဖွယ် အသံဝဲ၀ဲလေးနဲ့ဆိုတတ်ပြီး အေးချမ်းတဲ့အပြုံးပိုင်ရှင် ရှမ်း ဓနု တိုင်းရင်းသူလေး နန်းစန္ဒာလှထွန်းပြောပြတဲ့ ငယ်စဉ်ဘဝအမှတ်တရပုံရိပ်တွေ၊ ရိုးရှင်းတဲ့ဟန်ပန်နဲ့ ချစ်စဖွယ် အတွေးအမြင်လေးတွေကို ပြန်လည်လက်ဆင့်ကမ်း ဖော်ပြပေးခဲ့တာပါ။ နောက်တစ်ပတ်တွေမှာလည်း ဘယ်အနုပညာရှင်ရဲ့ ငယ်စဉ်ဘ၀ အမှတ်တရပုံရိပ်လေးတွေကို ဖော်ပြပေးမယ်ဆိုတာ စောင့်မျှော်ပေးပါဦးလို့။