Solo း A Star Wars Story ဇာတ်ကားကို မေ ၁၀ ရက်တွင် ဟောလိဝုဒ်၌ ပွဲဦးထွက်ပြသ

Solo း A Star Wars Story ဇာတ်ကားကို မေ ၁၀ ရက်တွင် ဟောလိဝုဒ်၌ ပွဲဦးထွက်ပြသ
Published 12 May 2018

Photo - AP

Star Wars ဇာတ်ကားများမှ ဟန်ဆိုလိုဇာတ်ကောင်ကို အသားပေးရိုက်ကူးထားသည့် Solo း A Star Wars Story  ဇာတ်ကားကို မေ ၁၀ ရက်တွင် ဟောလိဝုဒ်၌ ပွဲဦးထွက်ပြသခဲ့သည်။ ယင်းဇာတ်ကားကို မေ ၁၅ ရက်တွင်လည်း ကိန်းရုပ်ရှင်ပွဲတော်၌ မိတ်ဆက်ပြသမည် ဖြစ်သည်။

ဟန်ဆိုလို ငယ်ရွယ်စဉ်က မှောင်ခိုကူးသူ၊ သူခိုးနှင့် ကလိမ်ကကျစ်ဖြစ်ခဲ့သည့်အကြောင်းနှင့် အာကာသယာဉ် Millennium Falcon ကို မည်သို့ပိုင်ဆိုင်လာသည့် အကြောင်းအသားပေးရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် အဲလ်ဒန်အန်းနရစ်က ဟန်ဆိုလိုအဖြစ် သရုပ်ဆောင်ပြီး  ဒေါ်နယ်ဂလိုဗာက လူငယ် Lando Calrissian အဖြစ် သရုပ်ဆောင်ထားသည်။

Game of Thrones ရုပ်သံဇာတ်လမ်းတွဲတွင် Daenerys Targaryen  ဇာတ်ကောင်ဖြင့်အောင်မြင်ခဲ့သည့် အီမီလီယာကလက်သည် ယင်းဇာတ်ကားတွင် ဟန်ဆိုလို၏ ကလေးဘဝက သူငယ်ချင်း  Qi’ra ဇာတ်ကောင်အဖြစ် ပါဝင်ထားသည်။

Star Wars း A New Hope ဇာတ်ကားမတိုင်မီ ကာလကို အခြေပြုရိုက်ကူးထားသည့် ယင်းဇာတ်ကားကို ဒါရိုက်တာ ရွန်ဟော့ဝါ့ဒ်ကရိုက်ကူးခဲ့ပြီး ၂၀၁၈ ခုနှစ် မေ ၂၅ ရက်တွင် ဖြန့်ချိမည်ဟု ဒစ္စနေက ထုတ်ပြန်ခဲ့သည်။ ယင်းဇာတ်ကားသည် ပွဲဦးထွက်ဖြန့်ချိခဲ့မည့် သီတင်းပတ်တွင် ပြည်တွင်းလက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၁၃၇ သန်းခန့်ရရှိမည်ဟု ရုပ်ရှင်ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

Star Wars မှ ခွဲထွက်ရိုက်ကူးထားသည့် Rogue One ဇာတ်ကားကို ၂၀၁၆ ခုနှစ်က ဖြန့်ချိခဲ့ရာတွင် ဝင်ငွေ  ဒေါ်လာ တစ်ဘီလျံကျော်ရရှိခဲ့သည်။