နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့သည့် သရုပ်ဆောင်အာနိုး ဆေးရုံမှဆင်း

နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့သည့် သရုပ်ဆောင်အာနိုး ဆေးရုံမှဆင်း
Published 8 April 2018

အက်ရှင်သရုပ်ဆောင် အာနိုးရှဝါဇန်နက်ဂါသည် စက်ဖြင့် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်ပေးသော နှလုံးခွဲစိတ်နည်းဖြင့် ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် ဧပြီ ၆ ရက်တွင် ဆေးရုံမှဆင်းပြီး လော့စ်အိန်ဂျလိစ်ရှိ နေအိမ်သို့ ပြန်ရောက်ပြီဟု ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ် ဒယ်နီရယ်ကတ်ချယ်က ပြောကြားခဲ့သည်။

Terminator နှင့် Predator ဇာတ်ကားများ၏ သရုပ်ဆောင်၊ ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သည့် အသက် ၇၀ အရွယ်ရှိ အာနိုးသည် မတ် ၂၉ ရက်တွင် ဟောလိဝုဒ်အနီးရှိ Cedars-Sinai Medical Center တွင် အဆို့ရှင်တစ်ခု အစားထိုးသည့် ကုသမှုခံယူခဲ့သည်။

အာနိုးသည် Cedars-Sinai Medical Center တွင် ကုသမှုခံယူနေစဉ်အတွင်း ဧပြီ ၂ ရက်တွင် ‘It's true: I'm back! ဟု Twitter ၌ ရေးသားခဲ့သည်။

၎င်းကိုကုသပေးခဲ့သည့် ဆရာဝန်၊ သူနာပြုအဖွဲ့နှင့် ၎င်း၏ပရိသတ်များကို ကျေးဇူးတင်ကြောင်းလည်း ၎င်းကရေးသားခဲ့သည်။

အာနိုးသည် ခွဲစိတ်ကုသမှုခံပြီး နိုးလာသည့်အချိန်တွင်လည်း ၎င်း၏အထင်ကရဇာတ်ကား Terminator တွင်ပါဝင်သည့် ‘I'm back’ ဆိုသောစကားကို ပထမဆုံးပြောခဲ့သည်ဟု ကတ်ချယ်က ပြောကြားခဲ့သည်။ အာနိုးသည် ‘I'm back’ (သို့မဟုတ်) နီးစပ်သည့် မူကွဲစကားလုံးများကို Commando၊ Raw Deal၊ The Running Man၊ Last Action Hero၊ Jingle All the Way၊ The 6th Day နှင့် The Expendables II ဇာတ်ကားတို့တွင်လည်း သုံးစွဲခဲ့သည်။

မောင်စကြဝဠာဟောင်းတစ်ဦးဖြစ်သည့် အာနိုးသည် ၁၉၉၇ ခုနှစ်တွင်လည်း မွေးရာပါနှလုံးချို့ယွင်းချက်အတွက် အဆို့ရှင်အစားထိုးကုသမှု ခံယူခဲ့ဖူးသည်။ သြစတြီးယားနိုင်ငံဖွား ကာယဗလမောင်ဟောင်း အာနိုးရှဝါဇန်နက်ဂါသည် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၀၃ ခုနှစ် မှ ၂၀၁၁ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။