ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် Luxury Brand Kids Model Award 2018 သို့ မြန်မာကိုယ်စားပြုအလှမယ် မိုးအိန်ဂျယ် သွားရောက်ယှဉ်ပြိုင်မည်

ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် Luxury Brand Kids Model Award 2018 သို့ မြန်မာကိုယ်စားပြုအလှမယ် မိုးအိန်ဂျယ် သွားရောက်ယှဉ်ပြိုင်မည်
Published 23 March 2018

ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် Luxury Brand Kids Model Award 2018 ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြုအလှမယ်အဖြစ် မိုးအိန်ဂျယ် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲအတွက် MMPA Organization မှစီစဉ်ကျင်းပသည့် Mister & Miss Tourism Ambassador of MMPA 2018 ပြိုင်ပွဲ၌ Princess Tourism Ambassador pf MMPA 2018 Winner ဆုနှင့်အတူ The Famous ဆုနှင့် The Best Smile ဆုများကိုရရှိခဲ့သည့် အသက် ၁၅ နှစ်အရွယ် အလှမယ်မိုးအိန်ဂျယ်ကို ရွေးချယ်စေလွှတ်ခြင်းဖြစ်ကြောင်း သိရသည်။

“ညီမအနေနဲ့ ပြည်တွင်းမှာဆိုရင် MMPA Organization က စီစဉ်တဲ့ပွဲမှာပဲ ဝင်ပြိုင်ဖူးတာပါ။ အခုကိုရီးယားနိုင်ငံမှာ သွားပြိုင်ရမယ့် Luxury Brand Kids Model Award 2018 ပြိုင်ပွဲကလည်း ညီမအတွက် ပထမဆုံးနိုင်ငံတကာပြိုင်ပွဲပါ။ ဒီပြိုင်ပွဲမှာက အသက် ၁၃ နှစ်ကနေ ၁၅ နှစ်အရွယ်တွေအတွက် ကျင်းပတဲ့ပြိုင်ပွဲဖြစ်လို့ ညီမအနေနဲ့ အသက်မီနေတာကြောင့် ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။ အဲဒီပွဲအတွက် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ကြိုးစားနေပါတယ်။ Organization က စီစဉ်ပေးတဲ့ လေ့ကျင့်မှုတွေကို အကောင်းဆုံးလေ့ကျင့်ထားပါတယ်။ Catwalk လျှောက်တာတွေကိုတော့ ဖိလစ်ပိုင်က ဆရာနှစ်ဦးနဲ့သင်ကြားထားပါတယ်။ ဝတ်စုံပိုင်းတွေကတော့ Organization ကပဲစီစဉ်ပေးမှာပါ။ Talent ပိုင်းအနေနဲ့ကတော့ အကပြိုင်ရမှာဖြစ်လို့ မြန်မာကနဲ့ K Pop အက တွဲပြီးကရမယ့်အကကို လေ့ကျင့်နေတယ်။ ပြိုင်ပွဲမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားယှဉ်ပြိုင်သွားမှာပါ” ဟု အလှမယ်မိုးအိန်ဂျယ်က ပြောကြားသည်။

Luxury Brand Kids Model Award 2018 ပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ဧပြီ ၁၄ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဟု သိရသည်။ အဆိုပါပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ရန် အလှမယ်မိုးအိန်ဂျယ်သည် ဧပြီ ၁၄ ရက်တွင် မြန်မာနိုင်ငံမှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent