အကယ်ဒမီ မေသန်းနုနှင့် တွေ့ဆုံခြင်း

အကယ်ဒမီ မေသန်းနုနှင့် တွေ့ဆုံခြင်း
Published 21 March 2018

အသည်းအထူးကုဆရာဝန် ပါမောက္ခဒေါက်တာခင်မောင်ဝင်း၏ မိခင်ဖြစ်သူအကြောင်းအား ရေးသားထားသည့် ‘ကျွန်တော်နဲ့အမေ’ စာအုပ်အား ဒါရိုက်တာ အကယ်ဒမီစင်ရော်မောင်မောင်က ‘ထာဝရအမေ’ ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်အသက်သွင်းဖန်တီးခဲ့သည့်အခါ သားသမီးများအပေါ် မိခင်မေတ္တာကြီးမားစွာဖြင့် ဘဝတစ်ခုလုံး အနစ်နာခံပေးဆပ်တတ်သူအမေအဖြစ် အကယ်ဒမီမေသန်းနုက အပီပြင်ဆုံး ပုံဖော်နိုင်ခဲ့ပါသည်။ မတ် ၂၃ ရက်တွင် ကျင်းပတော့မည့် အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီတစ်ကြိုရင်ခုန်သံများ ဆူညံနေချိန်တွင် အကယ်ဒမီမေသန်းနုအတွက်လည်း ‘ထာဝရအမေ’ ဇာတ်ကားဖြင့် ပရိသတ်များက မျှော်လင့်ပေးလျက်ရှိသည်။ ဆယ်စုနှစ်တစ်ခု ကြာမြင့်ပြီးချိန်မှ အကယ်ဒမီဆုအတွက် တစ်ကျော့ပြန် ရင်ခုန်ခွင့်ရခဲ့သည့် အကယ်ဒမီမေသန်းနုနှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

■ မေး - ဒီနှစ်မှာ ထာဝရအမေဇာတ်ကားနဲ့ အကယ်ဒမီထူးချွန်ဆုအတွက် အန်တီဆင့်ကို ပရိသတ်တွေက မျှော်မှန်းပေးကြတယ်။ အဲဒီအပေါ် ရင်ခုန်သံကို သိချင်ပါတယ်။

ဖြေ - အကယ်ဒမီကတော့ ဒီနှစ်ကတော့ ယှဉ်ပြိုင်ရတဲ့ ဇာတ်ကားတွေကတော့ များတာပေါ့နော်။ ဇာတ်ကားများများယှဉ်ပြိုင်ရတာ ပိုကောင်းပါတယ်။ ရတဲ့သူအတွက်ကျတော့ ပိုထိုက်တန်တာပေါ့။ အကယ်ဒမီမရတာတော့ ၁၀ နှစ်ကျော်ပြီ။ ရရင်တော့ အကောင်းဆုံးပဲပေါ့။ ကြိုးစားထားတယ်။ ဘယ်သူပဲရရ ဝမ်းသာပေးရမှာပါ။ အကယ်ဒမီဆိုတာက ကိုယ့်ကံနဲ့လည်း စပ်ဦးမှလေ။

■ မေး - ထာဝရအမေဇာတ်ကားမှာ သားသမီးတွေကို အရမ်းချစ်ရတဲ့ အမေဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခွင့်ရခဲ့တဲ့အတွက် ပိုပြီးအမှတ်တရဖြစ်လား။

ဖြေ - မဆင့်ကတတ်နိုင်သမျှ ကိုယ့်အနုပညာကို တတ်သလောက် အကုန်ကြိုးစားထားပါတယ်။ ဇာတ်နဲ့လည်း အံဝင်အောင် လုပ်ထားတယ်။ မေသန်းနုဆိုတာ ဖျောက်ထားပြီး ဒီဇာတ်ကားထဲက ဒေါ်ခင်ခင်ဆိုတဲ့ ဇာတ်ရုပ်နဲ့ထပ်တူ သဘာဝကျအောင် ကြိုးစားထားပါတယ်။ အကယ်ဒမီနဲ့ ထိုက်တန်ခဲ့မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ မိခင်တိုင်းကတော့ သားသမီးတွေကို ချစ်ကြတာချည်းပါပဲ။ မဆင့်လည်းကိုယ့်သားကို အရမ်းချစ်တာပဲလေ။ ဒီဇာတ်ကားထဲက ဒေါ်ခင်ခင်ကတော့ သားသမီးတွေအပေါ် မေတ္တာတရား အရမ်းကြီးမားတဲ့ ဇာတ်ရုပ်မျိုးပေါ့။ အဲဒီလို ဇာတ်ရုပ်မျိုးဖြစ်တဲ့အတွက် အမှတ်တရ ဖြစ်ပါတယ်။

■ မေး - ဒီဇာတ်လမ်းအပေါ် အားရကျေနပ်မှုဆိုရင်ရော အပြည့်အဝရှိလား။

ဖြေ - ပြန်ကြည့်လိုက်တဲ့အချိန်မှာ အားရကျေနပ်မှု အပြည့်ရှိပါတယ်။ ရိုက်တုန်းကလည်း ဒီဇာတ်ရုပ်အပေါ် အပြည့်အ၀ အာရုံစိုက်ပြီး ကြိုးစားခဲ့တယ်။ အပင်ပန်းခံခဲ့တယ်။ တကယ်တမ်း ဇာတ်ကားကိုပြန်ကြည့်တဲ့အခါ အရမ်းကြိုးစားရကျိုးနပ်ပါတယ်။ တော်တော်လေးလည်း အားရကျေနပ်မှု ရှိတယ်လေ။

■ မေး - အနုပညာရှင် တစ်ယောက်အနေနဲ့ အကယ်ဒမီဆိုတာကို ဘယ်လိုသတ်မှတ်ထားလဲ။

ဖြေ - မဆင့်တို့အတွက်ကတော့ အကယ်ဒမီဆိုတာ ဂုဏ်သိက္ခာပါ။ အနုပညာ၊ ကြိုးစားအားထုတ်မှု၊ အရင်တုန်းက နိုင်ငံတော်က ချီးမြှင့်တာ။ အခုက အဖွဲ့အစည်းက ချီးမြှင့်တာ။ ဘယ်သူပဲ ချီးမြှင့်တာပဲဖြစ်ဖြစ် တန်ဖိုးထားတယ်။ ဂုဏ်ယူစရာလည်း ကောင်းတဲ့ဆုပေါ့။ အနုပညာရှင်တိုင်း မျှော်လင့်တဲ့ဆုပါ။

■ မေး - အကယ်ဒမီအထူးဆုဆိုပြီး ပရိသတ်တွေကြားထဲ ပျံ့နေတာနဲ့ ပတ်သက်လို့ ပြောပြပေးပါဦး။

ဖြေ - အဲဒီလိုတော့လည်း ဖြစ်နိုင်မယ်မထင်ပါဘူး။ အထူးဆုပေးတယ်ဆိုတာက ရည်ရွယ်ချက်တော့ ရှိမှာပေါ့လေ။ မနှစ်ကလည်း အထူးဆုတစ်ခုပေးတယ်။ ရွှေသံလွင်က မမီးတို့ရတယ်ပေါ့။ ဇာတ်ကားကို ပင်ပင်ပန်းပန်းနဲ့ ရိုက်ထားတဲ့အတွက် ပေးတာမျိုးပေါ့။ ဒီနှစ်လည်း အဲဒီလိုဖြစ်နိုင်ပါတယ်။

■ မေး - အခြားဘယ်အနုပညာရှင်တွေကိုရော ရင်ခုန်ပေးချင်သေးလဲ။

ဖြေ - ဒီနှစ်က ဇာတ်ကားများတဲ့အတွက် အများကြီးတော့ကြားရတယ်။ ရင်ဘတ်ထဲက ဓားဇာတ်ကားထဲကအူဝဲ၊ ခေါက်ထီးလေးမလုံ့တလုံထဲက အေးမြတ်သူနဲ့ စိုးပြည့်သဇင်ပေါ့။ သူတို့တွေလည်း ကြားပါတယ်။ ပိုင်ဖြိုးသုလေးကိုလည်း ရစေချင်တယ်။ သူ့ကားလေးလည်း ကောင်းတယ်။ ဘယ်သူမဆိုအားလုံးကတော့ တော်ပြီးသားပဲ။ ကံကောင်းတဲ့သူရမှာပဲပေါ့။

■ မေး - အကယ်ဒမီမရတာ ၁၀ နှစ်ကျော်ကြာပြီးမှ အခုပရိသတ်တွေက ခန့်မှန်းပေးကြတယ်ဆိုတော့ ခံစားချက်က ဘယ်လိုကွာခြားနေလဲ။

ဖြေ - အကယ်ဒမီမရခဲ့တာလည်း ဆယ်စုနှစ်တစ်ခုကျော် ကြာခဲ့ပြီဆိုတော့ ရင်တော့ခုန်ပါတယ်။ ကိုယ်တိုင်လည်း ကြိုးစားအားထုတ်ခဲ့သလို အားရကျေနပ်မှုလည်း ရှိခဲ့တဲ့ဇာတ်ကားဆိုတော့ ရရင်တော့လည်း ပျော်ရမှာပေါ့။ သားကလည်း ဒီဇာတ်ကားနဲ့ အမှတ်တရ ရစေချင်တယ်။ အခြားဘယ်သူပဲရရ ကိုယ့်အနုပညာ ညီအစ်မတွေ ဖြစ်တာကြောင့် ပျော်ပါတယ်။

■ မေး - ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးမှုမှာရော ဇာတ်ရုပ်ကိုရွေးပြီး လက်ခံဖြစ်တာမျိုးတွေရှိလား။

ဖြေ - မဆင့်တို့ကတော့ အများကြီးရွေးချယ်လို့လည်း မရဘူးလေ။ ကိုယ့်ကိုလိုက်ဖက်တယ်လို့ ယူဆပြီး ပြောကြတဲ့ ဇာတ်ကားတွေက များတယ်။ အဲဒါမျိုးတွေကတော့ ရိုက်ဖြစ်တယ်။ ကိုယ့်အသက်အရွယ်၊ ကိုယ့်ပုံစံနဲ့လုံး၀ လွဲချော်နေတဲ့ ဇာတ်ရုပ်မျိုးဆိုရင်တော့လည်း မရိုက်ဖြစ်ဘူးပေါ့။ အဓိကတော့ ပရိသတ်တွေလည်း ရသစုံရပြီး ကိုယ့်အတွက်လည်း အနုပညာအရ လက်ခံလို့ရတဲ့ ဇာတ်လမ်းမျိုးဆိုရင်တော့ ရိုက်ဖြစ်ပါတယ်။

■ မေး - သားကလည်း အမေရိကန်မှာ အနုပညာကျောင်းတက်နေတာဆိုတော့ သူ့အတွက် ဘယ်လောက်မျှော်လင့်ထားလဲ။

ဖြေ - သူကတော့ အရမ်းကြိုးစားပါတယ်။ ဟိုမှာသင်ကြားတဲ့ နည်းစနစ်တွေလည်း ကောင်းတယ်။ ဒါပေမဲ့ ဟိုကနည်းစနစ်တွေ ကောင်းတယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာ အနုပညာတွေ ဖန်တီးတော့မယ် ဆိုရင်တော့ ဒီကအခြေအနေတွေနဲ့ ညှိနှိုင်းပြီး ပရိသတ် လက်ခံအောင် ဖန်တီးရမယ် ဆိုတာမျိုးပေါ့။ ကိုယ့်သားက အနုပညာကို ဝါသနာပါတယ်ဆိုတော့လည်း ကျေနပ်ရပါတယ်။ အကောင်းဆုံးလည်း ဖြစ်စေချင်တယ်။ မိခင်ဆိုတော့ ကိုယ့်သားသမီးကိုတော့ အကောင်းဆုံးဖြစ်စေချင်တာပဲလေ။ အမြဲတမ်းပဲ အကောင်းဆုံး ဖြစ်စေချင်ပါတယ်။

■ မေး - နောက်ထပ်အနုပညာလှုပ်ရှားမှုတွေရော လုပ်ဖို့ရှိသေးလား။

ဖြေ - လောလောဆယ် ရုပ်ရှင်ကားကြီးတွေ ရိုက်ထားတာတွေတော့ရှိတယ်။ ရုံတင်ဖို့တွေလည်း ရှိပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပြောထားတာတွေလည်း ရှိပါတယ်။

■ မေး - သြင်္ကန်ရောက်ခါနီးရင် သြင်္ကန်မိုးဇာတ်ကားနဲ့တွဲပြီး အမြဲအမှတ်တရရှိရတယ်နော်။ သြင်္ကန်မိုးနဲ့ပတ်သက်တဲ့ အမှတ်တရကိုလည်း ပြောပေးပါဦး။

ဖြေ - သြင်္ကန်ရောက်တိုင်း ရုပ်ရှင်ချစ်သူတွေရဲ့ ရင်ထဲကို သြင်္ကန်မိုးဆိုတာ တစ်ကျော့ပြန်ရောက်လာတာပေါ့။ အဲဒီလို နှစ်ပေါင်းများစွာကြာတဲ့အထိ မမေ့နိုင်အောင်ဖန်တီးခဲ့ကြတဲ့ မဆင့်တို့ရဲ့ဆရာတွေ၊ တွဲဖက်ဖန်တီးခဲ့ကြတဲ့ အနုပညာမောင်နှမတွေ အားလုံးကိုလည်း ကျေးဇူးတင်တယ်။ ဇာတ်ကားကောင်းတစ်ကားအဖြစ် ပရိသတ်တွေက အခုလိုနှစ်ပေါင်းများစွာကြာအောင် မမေ့ဘဲ တန်ဖိုးထားကြတာ အရမ်းဂုဏ်ယူဖို့ကောင်းတယ်။ မဆင့်အတွက်တော့ အရမ်း ဂုဏ်ယူရတဲ့ ဇာတ်ကားပါ။ သြင်္ကန်ရောက်တိုင်း သြင်္ကန်မိုးကခံစားချက် ပေးစွမ်းနိုင်ပါတယ်။

■ မေး - ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်များရှိရင်လည်း ပြောပေးပါဦး။

ဖြေ - ပရိသတ်တွေကို မဆင့်ကကျေးဇူးအများကြီး တင်ပါတယ်။ ထာဝရအမေ ဇာတ်ကားကို အားပေးခဲ့ကြသလို အကယ်ဒမီအတွက်လည်း ရင်ခုန်ပေးကြ၊ မျှော်လင့်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။