ပိုင်ဖြိုးသုနှင့် တွေ့ဆုံခြင်း

ပိုင်ဖြိုးသုနှင့် တွေ့ဆုံခြင်း
Published 14 March 2018

ဆယ်ကျော်သက်အရွယ်ကတည်းကပင် အနုပညာလုပ်ငန်းများအား လုပ်ကိုင်ခဲ့ဖူးကာ သရုပ်ဆောင်ပီပြင်သူတစ်ဦးအဖြစ် ပရိသတ် မှတ်မှတ်ထင်ထင် ရှိစေခဲ့သည့် သရုပ်ဆောင်ပိုင်ဖြိုးသုသည် တစ်ကျော့ပြန် အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရာတွင်လည်း စိုင်းစိုင်းကိုချစ်တယ် ဇာတ်ကားဖြင့်ပင် သရုပ်ဆောင်ကောင်းသူတစ်ဦးအဖြစ် ပရိသတ်လက်ခံစေခဲ့သူဖြစ်သည်။ ကျရာဇာတ်ရုပ်တွင် ပီပြင်စွာ သရုပ်ဆောင်နိုင်သူ ပိုင်ဖြိုးသုအတွက် ယခင်နှစ်အကယ်ဒမီပေးပွဲတွင်လည်း ‘အေဒင်ရဲ့နတ်သမီး’ ရုပ်ရှင်ဇာတ်ကားဖြင့် တစ်ကြိုစာရင်းပေးခြင်း ခံခဲ့ရသူဖြစ်သည်။ ယခုနှစ် အကယ်ဒမီထူးချွန်ဆုအတွက်လည်း ‘နေဝင်အိပ်တန်းတက်’ ဇာတ်ကားဖြင့် ပရိသတ်များ၏ ထင်ကြေးပေးမှုကို ခံနေရသူဖြစ်သည်။ သရုပ်ဆောင်ပိုင်ဖြိုးသုနှင့် တွေ့ဆုံဖြစ်သည့်အခိုက် လတ်တလော အနုပညာလှုပ်ရှားမှုများ၊ မကြာခင် ပြုလုပ်တော့မည့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲနှင့်ပတ်သက်၍ အကယ်ဒမီရင်ခုန်သံများ၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် အနုပညာလုပ်ငန်းများနှင့် ပတ်သက်၍ ပြင်ဆင်ထားသည်များကို မေးမြန်းဖြစ်ခဲ့ပါသည်။

■ မေး - ပထမဆုံးတော့ သုသုရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုကို အရင်သိချင်ပါတယ်။

ဖြေ - လတ်တလောမှာတော့ စပွန်ဆာဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးနေပါတယ်။ နယူးဖိုးဝရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထားပြီး သုသုနဲ့အတူ ဦးဇင်ဝိုင်း၊ ကိုနေတိုး၊ ကိုရဲလေး၊ ကိုကျော်ကျော်တို့ ပါဝင်ပါတယ်။ မင်းသမီးတွေကကျတော့ မမျိုးသန္တာထွန်း၊ မမြတ်ကေသီအောင်တို့လည်း ပါပါတယ်။

■ မေး - အဲဒီဇာတ်ကားလေးကျတော့ရော ဘယ်လိုဇာတ်လမ်း အမျိုးအစားလဲ။

ဖြေ - ဇာတ်လမ်းက မိသားစုဒရာမာ ဇာတ်လမ်းပါ။ အမေဆုံးသွားပြီး အဖေကနောက် အိမ်ထောင်ပြုတဲ့အခါ ကြုံရတဲ့အခက်အခဲတွေ၊ အကျပ်အတည်းတွေကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ။

■ မေး - သုသုရဲ့ဇာတ်ကောင်စရိုက်ဆိုရင်ရော။

ဖြေ - အမေဆုံးသွားပြီးတဲ့နောက်ပိုင်းမှာ အဖေကလည်း နောက်အိမ်ထောင်ပြုသွားတော့ အစ်ကို အကြီးဆုံးကို အရမ်းတွယ်တာတယ်။ ကလေးဆန်တယ်။ လောကအကြောင်းကို သိပ်နားမလည် တဲ့ ကျောင်းသူတစ်ယောက်ပေါ့။ အဲဒီလို ဇာတ်ကောင်စရိုက်မျိုးလေးပါ။

■ မေး - အကယ်ဒမီပွဲနီးလာတဲ့အခါ သုသုအတွက်လည်း နေဝင်အိပ်တန်းတက်ဇာတ်ကားနဲ့ အကယ်ဒမီမှန်းကြတယ်ဆိုတော့ အကယ်ဒမီရင်ခုန်သံလေး ပြောပေးပါဦး။

ဖြေ - ကိုယ့်အတွက်တော့ ကိုယ်ရင်မခုန်ပါဘူး။ နေဝင်အိပ်တန်းတက် ဇာတ်ကားထဲက အခြားအနုပညာရှင်တွေအတွက်တော့ ရင်ခုန်ပါတယ်။ အရမ်းလည်းကောင်းကြတယ်ဆိုတော့ ရစေချင်ပါတယ်။

■ မေး - ကိုယ်တိုင်အတွက် ဘာလို့ရင်မခုန်တော့တာလဲ။

ဖြေ - ကိုယ့်အတွက်ကျတော့ လိုသေးတယ်လို့ထင်လို့ပါ။ အကယ်ဒမီအတွက် အများကြီးလည်း လိုပါသေးတယ်။ မှန်းလည်းမမှန်းရဲပါဘူး။ သုသုတို့က အများကြီး ကြိုးစားရပါဦးမယ်။

■ မေး - အကယ်ဒမီမှာ အခြားရစေချင်တဲ့ အနုပညာရှင်ရောရှိလား။

ဖြေ - ဒီနှစ်က ဇာတ်ကားကောင်းတွေ အများကြီး ရုံတင်တယ်ဆိုတော့ ကြားရတာတွေလည်း အများကြီးပဲ။ ကိုယ့်စီနီယာထဲက ဘယ်သူပဲရရ သုသုကတော့ ပျော်ပါတယ်။ သူတို့အားလုံးအတွက်လည်း ရင်ခုန်ပေးနေတယ်။ ကြားတဲ့အထဲကဆိုရင် မအူဝဲကြားတယ်။ အန်တီဆင့် (မေသန်းနု) လည်းကြားတယ်။ မင်းသားထဲမှာဆိုရင် ကိုနေတိုး၊ ကိုပြေတီ၊ ကိုမြင့်မြတ်လည်းကြားတယ်။ ဘယ်သူပဲရရပျော်မှာပါ။ ရင်ဘတ်ထဲကဓား သွားကြည့်တုန်းက မအူဝဲကို အရမ်းရစေချင်တယ်။

■ မေး - ဇာတ်ကားရိုက်ကူးမှု လက်ခံတဲ့အပိုင်းနဲ့ ပတ်သက်ပြီးလည်း ဘယ်လိုရွေးချယ်လက်ခံဖြစ်လဲ။

ဖြေ - သုသုတို့ကျတော့ ထုတ်လုပ်သူတို့၊ ဒါရိုက်တာတို့က ရွေးချယ်တာပါ။ ကိုယ်က ရွေးချယ်ရလောက်တဲ့ အနေအထားမျိုးတော့ မဟုတ်သေးပါဘူး။ တတ်နိုင်သလောက်တော့ ကိုယ်နဲ့လိုက်တဲ့ဇာတ်လမ်းမျိုးတွေပဲ လာပြောကြတာဆိုတော့ အဆင်ပြေနေတာလို့ ပြောလို့ရပါတယ်။

■ မေး - သုသုကိုဆိုရင် အများအားဖြင့် စိတ္တဇဆန်တဲ့ဇာတ်လမ်းမျိုးတွေ၊ ဇာတ်ရုပ်မျိုးတွေ အမြင်ရများတယ်။ နောက်ပိုင်းမှာ ကွဲပြားတဲ့ ဇာတ်အိမ်မျိုးတွေ တွေ့ရနိုင်လား။

ဖြေ - ရိုက်ထားတဲ့ ဇာတ်ကောင်စရိုက်တွေက အစုံရှိပါတယ်။ ရုံရက်မရသေးလို့ ရုံမတင်နိုင်တာတွေလည်း ရှိတယ်။ မနှစ်က ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးမှုများတယ်။ သုသုလည်း ရိုက်ထားတာတွေက အများကြီးပဲ။

■ မေး - ရိုက်ထားတဲ့ဇာတ်ကားရော ဘယ်နှကားလောက်ရှိလဲ။

ဖြေ - ရိုက်ထားတာတော့ အများကြီးပါပဲ။ ခေါင်းဆောင်အနေနဲ့ဆိုရင် ပန်းဒေါင်း၊ ကြယ်၊ ဂန္ထဝင်အငြှိုး ရှိတယ်။ အဓိကတော့ ရုံရက်မရသေးလို့ စောင့်နေရတာပါ။ ရုံတွေလည်း တဖြည်းဖြည်းနဲ့ ထပ်တိုးလာပြီဆိုတော့ ဒီနှစ်နဲ့ရှေ့နှစ်မှာ တင်ဖြစ်မယ်ထင်ပါတယ်။

■ မေး - ဒီနှစ်ထဲမှာ အနုပညာနဲ့ပတ်သက်လို့ ဘယ်လိုရည်မှန်းထားတာမျိုးရှိမလဲ။

ဖြေ - ပိုကြိုးစားဖို့တော့ အမြဲတမ်း ဆုံးဖြတ်ဖြစ်တယ်။ သုသု အမြဲတမ်းစဉ်းစားဖြစ်တာက ဒီနေ့ထက်နောက်ရက်မှာ ပိုတော်အောင် ကြိုးစားရမယ်။ ဇာတ်ကားတစ်ကားရိုက်ပြီဆိုလည်း ကိုယ်နဲ့တွဲရိုက်တဲ့သူတွေဆီက ပညာရအောင်ယူတယ်။ နောက်ကားကျရင်လည်း ဘယ်လိုလေးတွေ ပြင်ဆင်မလဲဆိုတာ စဉ်းစားတယ်။ ဇာတ်ကားတစ်ကားရိုက်ပြီး ထွက်လာပြီဆိုရင် ကိုယ်မကြိုက်တာမျိုး၊ မှားတယ်လို့ထင်တာမျိုး တွေ့ပြီဆိုရင် နောက်ကားမှာ ထပ်မမှားအောင် ကြိုးစားတယ်။ ပရိသတ်က ဝေဖန်တာလည်း ရှိတယ်။ အဲဒါမျိုးဆိုရင် ပြုပြင်ပြီးတော့ ကြိုးစားမယ်လို့တော့ ဆုံးဖြတ်ထားတယ်။

■ မေး - နောက်ထပ်ရိုက်ကူးဖို့ လက်ခံထားတာရောရှိလား။

ဖြေ - စပွန်ဆာဇာတ်ကားပြီးရင် နောက်တစ်ကား ထပ်ရိုက်ပါမယ်။ ပါဝါကင်းရုပ်ရှင် ထုတ်လုပ်ရေးက ဒါရိုက်တာက ကိုပြည်ဟိန်းသီဟပါ။ မင်းသားကအန်ကယ်လေး(လူမင်း)ရယ်၊ ကိုထွန်းထွန်း၊ ကိုရဲလေး။ မင်းသမီးက မသက်မွန်လည်း ပါပါမယ်။

■ မေး - အဲဒီဇာတ်ကားမှာရော ဘယ်လိုဇာတ်ရုပ်မျိုး သရုပ်ဆောင်ရမလဲ။

ဖြေ - သုသုကကျတော့ အန်ကယ်လေးရဲ့ညီမပေါ့။ ရွာထဲက ရိုးရိုးသားသား ကောင်မလေးပေါ့။ ကိုထွန်းထွန်းက သုသုကို သဘောကျနေတယ်ပေါ့။ အဲဒီလို ဇာတ်ရုပ်မျိုးပါ။ ဇာတ်လမ်းကကျတော့ ကျေးလက်ဟာသနဲ့ ပညာပေးဇာတ်လမ်းလေးပါ။

■ မေး - မီဇာတ်ကားမှာ သရုပ်ဆောင်နိုင်ခဲ့တာနဲ့ ပတ်သက်လို့ရော ကျေနပ်မှုရှိလား။

ဖြေ - မီဇာတ်ကားက သုသုအရမ်းလေးစားရတဲ့ ဆရာမကြီးရဲ့ အရမ်းကြိုက်ရတဲ့စာအုပ်ပေါ့နော်။ ဒီစာအုပ်လေးကို ရုပ်ရှင်အဖြစ်ရိုက်ဖို့ ဆုံးဖြတ်ကတည်းကလည်း အရမ်းတာဝန်ကြီးပါတယ်။ ကိုယ့်ကြောင့် အရမ်းကောင်းတဲ့စာအုပ်က အဆင်မပြေမှာလည်း ကြောက်တယ်။ ဒါကြောင့်အများကြီး ပြင်ဆင်ပြီးမှ ရိုက်ခဲ့တာပါ။ သုသု တတ်စွမ်းတဲ့ အတိုင်းအတာအတွင်းမှာ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။

■ မေး - သြင်္ကန်ကိုလည်း မကြာခင်ရောက်တော့မယ်ဆိုတော့ သြင်္ကန်ဆုတောင်းလေးပြောပါဦး။

ဖြေ - မြန်မာ့နှစ်သစ်မှာ ပရိသတ်တွေဖြစ်ချင်တာနဲ့ ဖြစ်နေတာ တစ်ထပ်တည်းကျပြီး ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာကြပါစေရှင်။

■ မေး - သြင်္ကန်မှာ ဘယ်လိုဖြတ်သန်းဖြစ်ဖို့ စီစဉ်ထားလဲ။

ဖြေ - ခရီးထွက်ဖို့တော့ စိတ်ကူးထားတယ်။ တောင်ကြီးဆေးကျောင်းမှာ တာဝန်ကျနေတဲ့သူငယ်ချင်းက ခွင့်ရခဲ့မယ်ဆိုရင် သူငယ်ချင်းတွေစုပြီး ခရီးထွက်ဖြစ်မှာပါ။