Fifty Shades က မြောက်အမေရိက၏ ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်လာ

Fifty Shades က မြောက်အမေရိက၏ ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်လာ
Published 13 February 2018

Universal မှ ထုတ်လုပ်သော သုံးကားတွဲ အချစ်ဇာတ်လမ်း၏ နောက်ဆုံးကားဖြစ်သည့် Fifty Shades Freed သည် အထူးသဖြင့် အမျိုးသမီးပရိသတ်များကြားတွင် အထူးအားပေးမှုရရှိခဲ့သည်။ ထို့ကြောင့် ယင်းရုပ်ရှင်သည် စတင်ပြသသည့် သီတင်းပတ်မှာပင် အထင်ကြီးလောက်ဖွယ်ဝင်ငွေ ဒေါ်လာ ၃၈ ဒသမ ၈ သန်းရရှိပြီး မြောက်အမေရိက၏ ဝင်ငွေအများဆုံး နံပါတ်တစ်နေရာတွင် ရပ်တည်နိုင်ခဲ့သည်။

လွန်ခဲ့သည့် သီတင်းတစ်ပတ်ကျော်က အမေရိကန်ဘောလုံးပွဲ Super Bowl ကြောင့် ကျဆင်းခဲ့ရသည့် ရုပ်ရှင်ကြည့်သူနှုန်းထားမှာ ပြီးခဲ့သည့်သီတင်းပတ်က ပြန်လည်ထိုးတက်လာခဲ့ပြီဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့် သီတင်းပတ်က ဝင်ငွေအများဆုံးစာရင်း၏ ထိပ်ဆုံးသုံးကားစလုံးမှာ ရုပ်ရှင်ကားသစ်များချည်းပင် ဖြစ်ကြသည်။

စာရင်း၏ ဒုတိယနေရာတွင်ရှိသည့်ရုပ်ရှင်မှာ Sony မှထုတ်လုပ်သော Peter Rabbit ဖြစ်ပြီး တတိယ နေရာတွင် ရှိနေသည်မှာ The 15 : 17 to Paris ဖြစ်သည်။

Fifty Shades စီးရီး၏ နောက်ဆုံးအပိုင်းဖြစ်သော Fifty Shades Freed ရုပ်ရှင်ကို Universal က တဲ့တိုးပင် “အထွတ်အထိပ်ကို မလွတ်စေနဲ့” ဟု ကြော်ငြာထားခြင်း ဖြစ်သည်။ ဒါကိုတာဂျွန်ဆင်နှင့် ဂျင်မီဒေါ်မန်တို့ ပြန်လည်ပါဝင်သရုပ်ဆောင်ထားသော Fifty Shades Freed ရုပ်ရှင်ကို မြောက်အမေရိကတွင် အမျိုးသမီးလေးဦးလျှင် သုံးဦးသွားကြည့်ကြသည်ဟု Hollywood Reporter တွင် ဖော်ပြထားကြောင်း သိရသည်။ မိသားစုလိုက် ကြည့်ရှုရန်သင့်တော်သည့် Peter Rabbit ရုပ်ရှင်မှာ ကွန်ပျူတာဖြင့် ဖန်တီးထားသော ဇာတ်ကောင်များနှင့် လူအစစ်များကို တွဲရိုက်ထားသည့် ရုပ်ရှင်ပုံစံမျိုးဖြစ်ပြီး ဝင်ငွေဒေါ်လာ ၂၅ သန်း ရရှိထားသည်။

တတိယနေရာတွင် ရပ်တည်နေသည့် The 15 : 17 မှာမူ ၂၀၁၅ ခုနှစ်က ပြင်သစ်ရှိ ခရီးသည်တင် ရထားပေါ်မှ အကြမ်းဖက်တိုက်ခိုက်မှုကို အမေရိကန်လူငယ်သုံးဦးက မည်သို့ဟန့်တားလိုက်သည်ဆိုသည့် အကြောင်းအား ဒါရိုက်တာကလင့်အိစ်ဝုဒ်က ပြန်လည်ရိုက်ကူးထားခြင်း ဖြစ်သည်။ ယင်းရုပ်ရှင်သည် စတင်ပြသသည့် သီတင်းပတ်မှာပင် ဝင်ငွေဒေါ်လာ ၁၂ ဒသမ ၆ သန်း ရရှိခဲ့သည်။

နံပါတ်လေးနေရာတွင် ရပ်တည်နေသည်မှာ Sony မှထုတ်လုပ်သည့် Jumanji : Welcome to the Jungle ဖြစ်ဖြစ်ပြီး ဝင်ငွေဒေါ်လာ ၉ ဒသမ ၈ သန်းရရှိခဲ့သည်။ ထိုရုပ်ရှင်သည် ကမ္ဘာတစ်ဝန်း၌ပြသခဲ့ရာ ဝင်ငွေဒေါ်လာသန်း ၈၀၀ ကျော် ရရှိခဲ့ပြီး ဖြစ်သည်။

ဆပ်ကပ်ဆရာတစ်ဦး၏အကြောင်းကို ရိုက်ကူးထားသည့် The Greatest Showman ရုပ်ရှင်မှာမူ ဝင်ငွေဒေါ်လာ ၆ ဒသမ ၄ သန်းရရှိပြီး စာရင်း၏ ပဉ္စမနေရာတွင် ရပ်တည်နေသည်။

Most Read

Most Recent