ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုက မင်္ဂလာပွဲကို ဆိုးလ်ရှိ Shilla ဟိုတယ်၌ ကျင်းပမည်ဟု ထုတ်ပြန်

ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုက မင်္ဂလာပွဲကို ဆိုးလ်ရှိ Shilla ဟိုတယ်၌ ကျင်းပမည်ဟု ထုတ်ပြန်
Published 9 August 2017

ကိုရီးယားသရုပ်ဆောင် ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကို၏မင်္ဂလာပွဲကို အောက်တိုဘာ ၃၁ ရက်တွင် ဆိုးလ်ရှိ Shilla ဟိုတယ်၌ ကျင်းပမည်ဟု Blossom Entertainment မှ တာဝန်ရှိသူတစ်ဦးက သြဂုတ် ၈ ရက်တွင် အတည်ပြုခဲ့သည်။

“မင်္ဂလာဆောင်မယ့်ရက်နဲ့ မင်္ဂလာပွဲ ကျင်းပမယ့်နေရာကိုပဲ ဆုံးဖြတ်ရသေးတယ်။ အသေးစိတ်အချက်အလက်တွေနဲ့ သူတို့သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်၊ မလုပ်ဘူးဆို တာကို အခုအချိန်ထိ မဆုံးဖြတ်ရသေးပါဘူး” ဟု ဆောင်ဂျွန်ကီ၏ အေဂျင်စီ Blossom Entertainment မှ အမှုဆောင်အရာရှိက ပြောကြားခဲ့သည်။

Jangchung-dong အရပ်၌ရှိသည့် Shilla ဟိုတယ်သည် ခမ်းနားသည့်မင်္ဂလာပွဲများစွာ စီစဉ်ကျင်းပသည့် ဟိုတယ်တစ်ခုဖြစ်သည်။ ဂျန်ဒေါင်ဂန်းနှင့် ကိုဆိုယောင်း၊ ကွန်ဆန်ဝူးနှင့် ဆောင်တေယောင်း၊ ဂျန်ဂျီဟွန်းနှင့် ဘဏ်လုပ်ငန်းရှင် Choi Jun-hyuk တို့သည်လည်း ယင်းဟိုတယ်တွင် မင်္ဂလာပွဲ ကျင်းပခဲ့သည်။

ဆောင်ဂျွန်ကီနှင့် ဆောင်းဟေကိုသည် မင်္ဂလာပွဲအတွက် ကုမ္ပဏီများစွာက အခမဲ့ဝန်ဆောင်မှုများ ပြုလုပ်ပေးမည်ဆိုသော ကမ်းလှမ်းချက်များကို ငြင်းဆိုခဲ့သည်ဟုလည်း မီဒီယာများက ဖော်ပြခဲ့သည်။
အသက် ၃၁ နှစ်အရွယ်ရှိ ဆောင်ဂျွန်ကီနှင့် အသက် ၃၅ နှစ် အရွယ်ရှိ ဆောင်းဟေကိုသည် Descendants of the Sun ဇာတ်လမ်းတွဲ ရိုက်ကူးစဉ်တွေ့ဆုံခဲ့ကြပြီး ၎င်းတို့နှစ်ဦး လက်ထပ်မည့်အကြောင်းကို ပြီးခဲ့သည့်လတွင် အံ့အားသင့်ဖွယ်ကြေညာခဲ့သည်။

ဆောင်ဂျွန်ကီသည် မင်္ဂလာပွဲမတိုင်မီ ၎င်း၏စစ်ပွဲနောက်ခံ ဇာတ်ကား The Battleship Island အတွက် ဈေးကွက်မြှင့်တင်မှုများ ပြုလုပ်နေသည်။ ယင်းဇာတ်ကားသည် ပွဲဦးထွက်ဖြန့်ချိသည့်သီတင်းပတ်တွင် ကြည့်ရှုမှုနှုန်း၂ ဒသမ ၅ သန်းဖြင့် လက် မှတ်ရောင်းချမှု ဝင်ငွေစာရင်းတွင် ဦးဆောင်ခဲ့သည်။ ဒေါ်လာ ၂၁ သန်းကျော် ကုန်ကျခံရိုက်ကူးခဲ့သည့် The Battleship Island ဇာတ်ကားကို ပြင်သစ်၊ အီတလီ၊ ရုရှား၊ တူရကီ၊ ဂျပန်၊ ဟောင်ကောင်နှင့် စင်ကာပူတို့တွင်လည်း ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။