ဖိအားပေးမှုကြောင့် နယူးဇီလန်အဆိုတော်လော့ဒ်က အစ္စရေးဖျော်ဖြေပွဲကို ဖျက်သိမ်း

ဖိအားပေးမှုကြောင့် နယူးဇီလန်အဆိုတော်လော့ဒ်က အစ္စရေးဖျော်ဖြေပွဲကို ဖျက်သိမ်း
Published 27 December 2017

(Photo - AFP)

ပါလက်စတိုင်းပိုင်နက်ကို အစ္စရေး၏သိမ်းပိုက်မှုအပေါ် ကန့်ကွက်ခြင်းအား ထောက်ခံသည့်သူများထံမှ ဖိအားပေးမှုနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် နယူးဇီလန်အဆိုတော် လော့ဒ်က အစ္စရေးတွင်ဖျော်ဖြေရန် စီစဉ်ထားမှုကို ဖျက်သိမ်းခဲ့သည်။

အသက် ၂၁ နှစ်အရွယ်ရှိ လော့ဒ်က ဖျော်ဖြေပွဲခရီးစဉ်တစ်ခုအဖြစ် ဇွန်တွင် တဲလ်အဗစ်မြို့၌ ဖျော်ဖြေမည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာနှင့် နယူးဇီလန် တက်ကြွလှုပ်ရှားသူများက ဝေဖန်ခဲ့ပြီးနောက် လော့ဒ်က အစ္စရေးတွင် ပြုလုပ်မည့်ဖျော်ဖြေပွဲကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

“မက်ဆေ့ချ်နဲ့ စာအတော်များများကို လက်ခံရရှိခဲ့တယ်။ ဒီအတောအတွင်းမှာ အမြင်အမျိုးမျိုး ဆုပ်ကိုင်ထားတဲ့သူတွေနဲ့လည်း ဆွေးနွေးမှုတွေလုပ်ခဲ့တယ်။ ဒီအချိန်မှာ ဖျော်ဖြေပွဲဖျက်သိမ်းလိုက်တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ ကျွန်မထင်တယ်။ အစ္စရေးမှာ ဖျော်ဖြေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့တဲ့အတွက် ပရိသတ်တွေကို တောင်းပန်ပါတယ်” ဟု လော့ဒ်က ရေးသားခဲ့သည့် ကြေညာချက်ကို အစ္စရေးပွဲစီစဉ်သည့်ကုမ္ပဏီ နာရန်ဂျာက ဖြန့်ဝေခဲ့သည်။

ဆယ်ကျော်သက်အရွယ်တွင် Royals Teams စသည့် သီချင်းများဖြင့် အောင်မြင်ခဲ့သည့် လော့ဒ်သည်  ဂီတသက်တမ်းရှစ်နှစ် အတွင်းဂရမ်မီဆု၊ Brit Award ဆုတစ်ဆုနှင့် နယူးဇီလန်ဂီတဆု ၁၀ ဆုရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် တိုင်းမ်မဂ္ဂဇင်း၏ သြဇာလွှမ်းမိုးမှု အရှိဆုံး ဆယ်ကျော်သက်အနုပညာရှင် စာရင်းနှင့် Forbes ၏ အသက် ၃၀ အောက် ကြွယ်ဝချမ်းသာသူစာရင်းတွင် ပါဝင်ခဲ့သည်။

အေအက်ဖ်ပီသို့ ပေးပို့ခဲ့သည့် ကြေညာချက်တွင် နာရန်ဂျာက “ကျွန်တော်တို့ လော့ဒ်ကို ခွင့်လွှတ်ပါတယ်။ ရုရှားနဲ့ အမေရိကန်မှာလုပ်မယ့် သူ့ရဲ့ ဖျော်ဖြေပွဲခရီးစဉ် အောင်မြင်ဖို့ ဆုတောင်းပါတယ်” ဟု ထုတ်ပြန်ခဲ့သည်။ လော့ဒ်ကို ဖိအားပေးသည့် နောက်ကွယ်တွင် BDS- Boycott , Divestment and Sanctions  ဟု သိရှိသည့်လှုပ်ရှားမှု ပါဝင်ခဲ့သည်။ တောင်အာဖရိက၏ လူမျိုးရေးခွဲခြားသည့် အစိုးရကို ပစ်မှတ်ထားသည့် လှုပ်ရှားမှုကို အတုယူပြီး လုပ်ဆောင်ခဲ့သည့် BDS လှုပ်ရှားမှုသည် ဝက်စ်ဘင့်စ်ကို အစ္စရေး၏ သိမ်းပိုက်မှုအားတားဆီးရန် ကြိုးပမ်းနေသည်။

Pink Floyd အဖွဲ့၏ ခေါင်းဆောင်အဆိုတော် ရော်ဂျာဝါတာနှင့် ဒါရိုက်တာ Ken Loach ကဲ့သို့သော နာမည်ကြီးအနုပညာရှင်များနှင့် BDS တက်ကလှုပ်ရှားသူများက ဖိအားပေးခဲ့သော်လည်း Radiohead အဖွဲ့သည် ဇူလိုင်တွင် တဲလ်အဗစ်၌ ဖျော်ဖြေခဲ့သည်။ ပြီးခဲ့သည့်နှစ်များတွင်လည်း အဆိုတော် Lauryn Hill နှင့် Elvis Costello အပါအဝင် နိုင်ငံရေးတွင် ပါဝင်မှုနည်းပါးသည့် ဂီတပညာရှင်များသည် အစ္စရေးတွင် ပြုလုပ်မည့်ဖျော်ဖြေပွဲများကို ဖျက်သိမ်းခဲ့သည်။