၂၀၀၀ ပြည့်နှစ်ဝန်းကျင်ကာလများဆီ ခဏတာ ပြန်လည်ရောက်ရှိစေမည့် Back to Millennium The Last Chapter Concert နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်မည်

၂၀၀၀ ပြည့်နှစ်ဝန်းကျင်ကာလများဆီ ခဏတာ ပြန်လည်ရောက်ရှိစေမည့် Back to Millennium The Last Chapter Concert နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်မည်
Published 23 October 2017

၂၀၀၀ ပြည့်နှစ်ဝန်းကျင်ကာလများဆီ ခဏတာ ပြန်လည်ရောက်ရှိစေမည့် Back to Millennium The Last Chapter Concert ကို နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။

အဆိုပါ ဂီတဖျော်ဖြေပွဲအား Thuwunna Bhumi Event Park ၌ ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး Back To Millennium ဂီတဖျော်ဖြေပွဲများ၏ နောက်ဆုံးဖျော်ဖြေပွဲအဖြစ် တင်ဆက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ယင်းဂီတဖျော်ဖြေပွဲမှာ ၂၀၀၀ ပြည့်နှစ်များဆီက ထင်ရှားအောင်မြင်ခဲ့သည့် လူငယ်ဂီတအဖွဲ့များအား ပြန်လည်စုစည်း တင်ဆက်စေသည့် ဖျော်ဖြေပွဲတစ်ပွဲဖြစ်ပြီး ရန်ကုန်နှင့်မန္တလေးမြို့များတွင် တစ်ပွဲစီကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ပါဝင်မည့် ဂီတအဖွဲ့များမှာ Acid၊ Theory၊ Too Big၊ Teens၊ Examplez၊ System၊ No၊ Bambino၊ Kook၊ မြေပဲယိုတို့က ပါဝင် တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

“Back to Millennium ပွဲတွေက မျှော်လင့်ထားတာထက်ကို ပိုပြီးအောင်မြင်ခဲ့တယ်။ အနုပညာရှင်တွေအတွက်လည်း ပြန်လည် အမှတ်ရ တမ်းတခွင့်ရတဲ့ဂီတပွဲ ဖြစ်ခဲ့သလို ပရိသတ်တွေအားလုံးအတွက်လည်း လွန်ခဲ့တဲ့ ၁၇ နှစ်ဝန်း ကျင်လောက်က အချိန်တွေဆီ ခဏပြန်ရောက်သလို ဖြစ်သွားတယ်။ အခုတစ်ခေါက်ပွဲကတော့ နောက်ဆုံးအစီအစဉ်တစ်ခု အနေနဲ့ လုပ်သွားပါမယ်” ဟု ဖျော်ဖြေပွဲအား စီစဉ်သည့် Nine Planets Entertainment မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ဖျော်ဖြေပွဲတွင် ပါဝင်မည့် Acid အဖွဲ့မှ တေးသံရှင် ရန်ရန်ချမ်းကလည်း “Back to Millennium ပွဲကို နောက်တစ်ကြိမ် ထပ်ပြီး လုပ်မယ်ဆိုတဲ့အခါ ရင်လည်းခုန်ပါတယ်။ ဒီတစ်ကြိမ်က နောက်ဆုံးတစ်ခေါက်ဖြစ်တဲ့အတွက်လည်း ပိုပြီးစိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ကျွန်တော်တို့အဖွဲ့ရဲ့ သီချင်းတွေနဲ့အတူ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်ကို ပရိသတ်များနဲ့အတူ သွားချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

Back to Millennium ဂီတဖျော်ဖြေပွဲတွင် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ထင်ရှားအောင်မြင်ခဲ့သည့် အဖွဲ့များက အမှတ်တရ တေးသီချင်းများစွာဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ပြီး ယခင်ကပြုလုပ်ခဲ့ပြီးဖြစ်သည့် ဖျော်ဖြေပွဲများတွင်လည်း ပရိသတ်အများအပြား ကြည့်ရှုအားပေးခဲ့ကာ တေးသံရှင်များနှင့် ပရိသတ်များ အပေးအယူမျှမျှ တင်ဆက်နိုင်ခဲ့ကြောင်း သိရသည်။

ဖျော်ဖြေပွဲအတွက် လက်မှတ်များကို ၇၀၀၀၀ (VVIP Exculsive)၊ ၅၀၀၀၀ ()VVIP၊ ၃၀၀၀၀ (VIP)၊ ၂၅၀၀၀ (Party Zone) ဈေးနှုန်းများဖြင့် ရောင်းချမည်ဖြစ်ကာ Active Zone လက်မှတ်များပြီး ကျပ်တစ်သောင်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ လက်မှတ်များကို အောက်တိုဘာ ၂၀ ရက်မှ စတင်ကာ ရောင်းချလျက်ရှိသည်။