နိုင်ငံတကာမှ ထိပ်တန်းဒီဂျေများ ပါဝင်ဖျော်ဖြေမည့် Waterzonic Myanmar ဖျော်ဖြေပွဲ နိုဝင်ဘာ ၁၁ ရက်တွင် ပြုလုပ်မည်

နိုင်ငံတကာမှ ထိပ်တန်းဒီဂျေများ ပါဝင်ဖျော်ဖြေမည့် Waterzonic Myanmar ဖျော်ဖြေပွဲ နိုဝင်ဘာ ၁၁ ရက်တွင် ပြုလုပ်မည်
Published 16 October 2017

နိုင်ငံတကာမှ ထိပ်တန်းဒီဂျေများ ပါဝင်ဖျော်ဖြေမည့် Waterzonic Myanmar 2017 ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့ One Entertainment Park ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂီတဖျော်ဖြေပွဲတွင် ပါဝင်တင်ဆက်မည့် နိုင်ငံတကာမှ ဒီဂျေများ၏ စာရင်းများအားလည်း စတင်ကြေညာလျက်ရှိပြီး ထပ်မံ ကြေညာမည်ဖြစ်ကြောင်း သိရသည်။

“သြင်္ကန်ရဲ့အရသာကို တစ်ကျော့ပြန် ခံစားနိုင်ရမှာဖြစ်သလို နိုင်ငံတကာမှာလည်း ထိပ်တန်း EDM ပွဲတစ်ပွဲဖြစ်တဲ့ Waterzonic Myanmar ပွဲကို နိုဝင်ဘာ ၁၁ ရက်မှာ ပြုလုပ်သွားပါမယ်။ ဒီပွဲမှာ အလန်းစားဒီဂျေတွေရဲ့ တင်ဆက်မှုတွေတင်မကဘဲ မြူးကြွတဲ့အသံတွေ၊ ပျော်ရွှင်ဖွယ် ပါဖောမန့်စ်တွေနဲ့ သြင်္ကန်ရဲ့အရသာကို တစ်ကျော့ပြန် ရရှိစေမှာပါ။ ပါဝင်တင်ဆက်မယ့် နိုင်ငံတကာကထိပ်တန်း ဒီဂျေတွေရဲ့စာရင်းကိုလည်း ကြေညာပေးနေပါပြီ။ အားလုံးပျော်ရွှင်စွာ ပါဝင်ဆင်နွဲှဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု Waterzonic Myanmar စီစဉ်သူတစ်ဦးက ဆိုသည်။

Waterzonic Myanmar ပွဲတွင် နိုင်ငံတကာမှ ထိပ်တန်းဒီဂျေ တစ်ဦးဖြစ်သော TUJAMO က ပါဝင်တင်ဆက်မည်ဖြစ်သည်။ TUJAMO သည် ဂျာမန်ဒီဂျေပညာရှင်တစ်ဦးဖြစ်ပြီး EDM ပွဲများတွင် ထင်ရှားသည့် ဒီဂျေပညာရှင်တစ်ဦးလည်း ဖြစ်သည်။

အခြား Supporting Artist တစ်ဦးအဖြစ် ZANON ကလည်း ပါဝင်အားဖြည့်တင်ဆက်ရန် စီစဉ်ထားသည်ဟု သိရသည်။ ZANON မှာလည်း နိုင်ငံတကာ EDM ပွဲများတွင် ထင်ရှားသည့် ဒီဂျေတစ်ဦးဖြစ်ပြီး Waterzonic Myanmar တွင် မြူးကြွသည့် ဂီတသံစဉ်များဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။ Waterzonic Myanmar ဂီတပွဲ၏ Main Artist များကိုမူ ထပ်မံ ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

Waterzonic Myanmar 2017 တွင် သြင်္ကန်အချိန်အခါအား ပြန်လည်လွမ်းဆွတ်ခံစားနိုင်မည့် ရသများအား ရရှိနိုင်မည်ဖြစ်ပြီး ရေများဖြင့် ဖျန်းပက်ကာ မြူးကြွသည့် ဒီဂျေသံစဉ်များကြားတွင် ကခုန်ရင်းဖြတ်သန်းနိုင်မည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။ Waterzonic Myanmar ပွဲနှင့်ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲကို အောက်တိုဘာ ၁၄ ရက် ညပိုင်းတွင် Pyrite Club soft opening ၌ တစ်ပါတည်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Waterzonic Myanmar ၏ လက်မှတ်များကိုလည်း Early Bird Ticket များအဖြစ် ရောင်းချလျက်ရှိပြီး စိတ်ဝင်စားဝယ်ယူမှုလည်း များပြားလျက်ရှိကြောင်း သိရသည်။ EDM ဂီတဖျော်ဖြေပွဲများအား မြန်မာနိုင်ငံတွင် ကျင်းပမှုမှာ ယခင်ကထက် ပိုမိုများပြားလျက်ရှိပြီး ယခုနှစ်ကုန်ပိုင်းတွင်လည်း အများအပြား စီစဉ်ထားကြကြောင်း သိရသည်။