Billboard လက်တင်သီချင်း ရောင်းချမှုစာရင်းတွင် ဘီယွန်းစေး၏ ရန်ပုံငွေသီချင်းက Despacito ကိုကျော်ပြီး နံပါတ် တစ်ဖြစ်လာ

Billboard လက်တင်သီချင်း ရောင်းချမှုစာရင်းတွင် ဘီယွန်းစေး၏ ရန်ပုံငွေသီချင်းက Despacito ကိုကျော်ပြီး နံပါတ် တစ်ဖြစ်လာ
Published 13 October 2017

စပိန်ဘာသာဖြင့် သီဆိုထားသော ဘီယွန်းစေး၏ Mi Gente သီချင်းက ကမ္ဘာတစ်ဝန်း ကျော်ကြားသည့် Despacito သီချင်းကို ကျော်တက်ပြီး Billboard လက်တင်သီချင်း ရောင်းချမှုစာရင်း၏ နံပါတ်တစ် နေရာတွင် ဦးဆောင်ခဲ့သည်။

ကာရစ်ဘီယံနှင့် မက္ကဆီကိုတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ကြိုးပမ်းမှုများကို ကူညီရန်အတွက် ပေါ့ပ်စတားဘီယွန်းစေးက အဆိုတော် J Balvin နှင့် ဝီလီဝီလျံ၏ အောင်မြင်သည့် Mi Gente ကို remix ပုံစံဖြင့် ပြန်လည်သီဆိုခဲ့ပြီး စက်တင်ဘာ ၂၈ ရက် နှောင်းပိုင်းတွင် ဖြန့်ချိခဲ့သည်။ ယင်းသီချင်းသည် ဘီယွန်းစေး ကလေးမီးဖွားခဲ့ပြီးနောက် ပထမဆုံး သီဆိုသော သီချင်းလည်း ဖြစ်သည်။ ဘီယွန်းစေးသည် ယင်းသီချင်းတွင် သီချင်းသီဆိုမှုထက် ရက်ပ်စာသားများကိုသာ စပိန်ဘာသာဖြင့် ရွတ်ဆိုခဲ့သည်။ ဘီယွန်းစေးက ယင်းသီချင်းရောင်းချမှုမှ ရရှိသည့် အကျိုးအမြတ်များကို ဟာရီကိန်းဒဏ် ခံခဲ့ရသည့် ကာရစ်ဘီယံနှင့် အမေရိကန်တောင်ပိုင်း ဒေသတွင် နေထိုင်သူများအတွက် လှူဒါန်းမည်ဟု ပြောကြားခဲ့သည်။

Mi Gente သီချင်းသည် Billboard Hot 100 စာရင်းတွင်လည်း နံပါတ် ၃ နေရာအထိ မြင့်တက်လာခဲ့သည်။ Billboard လက်တင်သီချင်း ရောင်းချမှုစာရင်း၏ နံပါတ်တစ် နေရာကို ကာလကြာ ဦးဆောင်ခဲ့သည့် လူးဝစ်ဖွန်ဆီနှင့် ရက်ပ်အဆိုတော် ဒက်ဒီယန်ကီးတို့၏ Despacito သီချင်းသည် နံပါတ်နှစ်နေရာသို့ ကျဆင်းခဲ့သည်။ ယင်းသီချင်းသည် Billboard လက်တင်သီချင်းရောင်းချမှု စာရင်း၏ ထိပ်တန်းနေရာတွင် သီတင်းပတ် ၃၅ ပတ်ကြာ ဖော်ပြခံခဲ့ရသည်။ ယင်းသည် စပိန်အဆိုတော် Enrique Iglesias ၏ Bailando သီချင်း ပြီးလျှင် ဒုတိယမြောက် အချိန်ကြာဆုံး ဖော်ပြခံခဲ့ရသည့် သီချင်းဖြစ်သည်။ Bailando သီချင်းသည် အဆိုပါစာရင်း၏ နံပါတ် ၁ နေရာတွင် ၄၁ ပတ်ကြာ ဦးဆောင်ခဲ့သည်။