Rush Hour 4 တွင် ဂျက်ကီချန်း ပြန်လည်ပါဝင်မည်

Rush Hour 4 တွင် ဂျက်ကီချန်း ပြန်လည်ပါဝင်မည်
Published 9 October 2017

Rush Hour 4 ဇာတ်ကားအတွက် ပြင်ဆင်နေပြီး လာမည့်နှစ်တွင် ရိုက်ကူးရေး စတင်ရိုက်ကူးနိုင်ခြေရှိသည်ဟု ဂျက်ကီချန်းက အောက်တိုဘာ ၅ ရက်တွင် လော့စ်အိန်ဂျလိစ် အခြေစိုက်အသံလွှင့်ဌာန Power 106 ကို အရိပ်အမြွက် ပြောကြားခဲ့သည်။ ယင်းဇာတ်ကားတွင် ခရစ်ထရက်ကာသည်လည်း စုံထောက်ဂျိမ်းကာတာဇာတ်ကောင် အဖြစ် ပြန်လည် ပါဝင်မည်ဖြစ်သည်။

Rush Hour 3 ဖြန့်ချိခဲ့ပြီး ဆယ်စုနှစ်တစ်ခုနီးပါး အကြာတွင် Rush Hour 4 အတွက် သင့်တော်သည့်ဇာတ်ညွှန်းကို ရရှိခဲ့သည်ဟု ချန်းက ပြောကြားခဲ့သည်။

“ပြီးခဲ့တဲ့နှစ်တွေမှာ ဒီဇာတ်ကားအတွက် ဇာတ်ညွှန်းကို အကြိမ်ကြိမ် ပယ်ချခဲ့တယ်။ မနေ့ကမှဇာတ်ညွှန်းကို အတည်ပြုခဲ့တယ်။ အခု ဇာတ်ညွှန်းက မူးယစ်ဆေး အရောင်းအဝယ်လုပ်တဲ့အကြောင်း၊ ငွေစက္ကူ အတုအကြောင်းတွေ မဟုတ်ပါဘူး။ အရင်ဇာတ်ကားတွေနဲ့ မတူပါဘူး။ ကျွန်တော် အကြောင်းအရာ တစ်ခုကို ထပ်တလဲလဲ မရိုက်ချင်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

Power 106 နှင့် အင်တာဗျူးတွင် ဂျက်ကီချန်းက ၎င်း၏အသက်အရွယ် အကြောင်းကိုလည်း ပြောကြားခဲ့သည်။ “ကျွန်တော်အသက် ကြီးလာပါပြီ။ အရင်ကလို စတန့်ဇာတ်ဝင်ခန်းတွေ မရိုက်နိုင်တော့ဘူး” ဟု အသက် ၆၃ နှစ်အရွယ်ရှိ ချန်းက ပြောကြားခဲ့သည်။

Rush Hour 4 သည် မိမိနှင့် ထရက်ကာကို ရဲစုံထောက်လီနှင့် စုံထောက်ကာတာဇာတ်ကောင်များ အဖြစ် နောက်ဆုံးမြင်တွေ့ရမည့် ဇာတ်ကားဖြစ်နိုင်သည်ဟု ဂျက်ကီချန်းက ပြောကြားခဲ့သည်။

ယခင် Rush Hour ဇာတ်ကား သုံးကားသည် ဟောင်ကောင်အက်ရှင်သရုပ်ဆောင် ဂျက်ကီချန်းကို အောင်မြင်မှု အကြီးအကျယ် ရရှိစေခဲ့သည့် ဇာတ်ကားများဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းလက်မှတ်ရောင်းချမှု ဝင်ငွေ စုစုပေါင်း ဒေါ်လာ သန်း ၈၅၀ ခန့် ရရှိခဲ့သည်။

၁၉၆၀ ပြည့်လွန်နှစ်များတွင် အနုပညာလုပ်ငန်းများ စတင်ခဲ့သည့် ဂျက်ကီချန်းသည် အနုပညာသက်တမ်း ၅၀ ကျော်အတွင်း ဇာတ်ကား ၁၅၀ ကျော်တွင် ပါဝင်ခဲ့သည်။ ၎င်း၏အက်ရှင် ဇာတ်ကားသစ် The Foreigner ကို အောက်တိုဘာ ၁၃ ရက်တွင် အမေရိကန်၌ ဖြန့်ချိမည်ဖြစ်သည်။