ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် ဇာတ်ကားများအား စုစည်းပြသမည့် “Memory Film Heritage Festival” ကို ရန်ကုန်မြို့၌ ပြုလုပ်မည်

ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် ဇာတ်ကားများအား စုစည်းပြသမည့် “Memory Film Heritage Festival” ကို ရန်ကုန်မြို့၌ ပြုလုပ်မည်
Published 28 July 2017

ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် ဇာတ်ကားများအား စုစည်းပြသမည့် “Memory Film Heritage Festival” ကို ယခုနှစ်နိုဝင်ဘာ ၃ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့ ဝဇီရာရုပ်ရှင်ရုံ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရုပ်ရှင်ပွဲတော်ကို ယခုနှစ်တွင် ပဉ္စမအကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ပြီး ဂန္ထဝင်ရုပ်ရှင်ဇာတ်ကားများအား ပြသခြင်း၊ ရုပ်ရှင်ဆွေးနွေးပွဲများ ထည့်သွင်းတင်ဆက်ခြင်း၊ ရုပ်ရှင်ဇာတ်ညွှန်းယှဉ်ပြိုင်မှု အစီအစဉ်အား ထည့်သွင်းပြုလုပ်ခြင်းစသည့် အစီအစဉ်များစွာဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“Memory Film Festival ကို အစဉ်အလာမပြတ် ကျင်းပသွားဖို့ ရှိပါတယ်။ အခုနှစ်မှာတော့ မတူကွဲပြားတဲ့ Theme တစ်ခုသတ်မှတ်ပြီး အဲဒီခေါင်းစဉ်နဲ့လိုက်ဖက်တဲ့ ဂန္ထဝင်ဇာတ်ကားကောင်းတွေကို ရွေးချယ်ပြသသွားမှာပါ။ မြန်မာဇာတ်ကားတွေ ပါဝင်မှာ ဖြစ်သလို ကမ္ဘာ့နိုင်ငံအသီးသီးက ဇာတ်ကားကောင်းတွေလည်း ပါဝင်ပါမယ်။ မကြာခင်မှာလည်း မြန်မာ့ရုပ်ရှင်ကနှစ် ၁၀၀ ပြည့်တော့မှာဖြစ်တဲ့အတွက် နှစ် ၁၀၀ အကြိုလှုပ်ရှားမှုတစ်ခုလို့လည်း ခံယူပါတယ်။ ဒါ့အပြင် ရုပ်ရှင်ဆွေးနွေးပွဲတွေ၊ ရုပ်ရှင်ဇာတ်ညွှန်းစီမံချက်အတွက် ယှဉ်ပြိုင်မှုတွေ ထည့်သွင်းပြုလုပ်မှာ ဖြစ်တာကြောင့် ရုပ်ရှင်ဝါသနာရှင်တွေအတွက် အခွင့်အလမ်းကောင်းတွေ အများကြီးပါဝင်နိုင်မယ့် ရုပ်ရှင်ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ နိုင်ငံတကာ ဆက်ဆံရေးကော်မတီမှ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က ဆိုသည်။

“Memory Film Heritage Festival” ရုပ်ရှင်ပွဲတော်တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဂန္ထဝင်ဇာတ်ကားကောင်းများစွာကို ပါဝင်ပြသသွားရန် စီစဉ်ထားကာ မြန်မာရှေးဟောင်း ဂန္ထဝင်ဇာတ်ကားများကိုလည်း ယခင်ခေတ်၏ ရသများအတိုင်း ပြန်လည်ခံစား ကြည့်ရှုနိုင်ရန် တင်ဆက်သွားမည်ဟု သိရသည်။ Memory Film Heritage Festival ကို ယခင်နှစ်က ပြုလုပ်ခဲ့ရာ၌ ရန်ကုန်မြို့ ဝဇီရာရုပ်ရှင်ရုံ၌သာမက လေဟာပြင်ရုပ်ရှင်ပြသမှုအဖြစ် မဟာဗန္ဓုလပန်းခြံအတွင်း၌ပါ ပြသခဲ့သဖြင့် စိတ်ပါဝင်စားမှု များပြားခဲ့ကြောင်း သိရသည်။ ယခုနှစ်ရုပ်ရှင်ပွဲတော်တွင်လည်း ယင်းကဲ့သို့ ထူးခြားသည့် တင်ဆက်မှုများစွာဖြင့် ပြုလုပ်သွားရန် စီစဉ်ထားသည်ဟု သိရသည်။

Memory Film Heritage Festival တွင် ပြသမည့်ဇာတ်ကားများ၏ စာရင်းကို စက်တင်ဘာလအတွင်းတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး ရုပ်ရှင်ပွဲတော်ကျင်းပမည့် အချိန်ဇယားနှင့် နိုင်ငံတကာမှတက်ရောက်မည့် ဧည့်သည်အနုပညာရှင်များ၏ စာရင်းကို အောက်တိုဘာလတွင် ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါရုပ်ရှင်ပွဲတော်၏ ခရီးသွားရုပ်ရှင်ပွဲတော်အဖြစ် ဆန်ခါတင်ဇာတ်ကား ၁၀ ကားအား ရွေးချယ်ကာ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံများတွင် ပြသရန်စီစဉ်ထားကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်းတွင်လည်း ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းထားသည့် မြဂနိုင်ရုပ်ရှင်ဇာတ်ကားကို နယ်မြို့များ၌ ပြသနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

Writer:
လင်းလင်းခိုင်

Most Read

Most Recent