Dunkirk က မြောက်အမေရိက ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်း၏ ထိပ်ဆုံး၌ရပ်တည်

Dunkirk က မြောက်အမေရိက ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်း၏ ထိပ်ဆုံး၌ရပ်တည်
Published 28 July 2017

ဘတ်ဂျက်အများအပြားသုံး၍ ရိုက်ကူးထားသော ဒုတိယကမ္ဘာစစ် နောက်ခံဇာတ်လမ်း Dunkirk သည် ပွဲဦးထွက်သီတင်းပတ်မှာပင် မြောက်အမေရိက ဝင်ငွေအများဆုံး ရုပ်ရှင်ကားများစာရင်း၏ ထိပ်ဆုံးတွင် နေရာယူနိုင်ခဲ့သည်။ One Direction ပေါ့တေးဂီတအဖွဲ့ဝင် ဟယ်ရီစတိုင် ပါဝင်သရုပ်ဆောင်ထားသော Dunkirk သည် ဝေဖန်သူတို့၏ အကောင်းမြင်သည့် သုံးသပ်ချက်များကို ရရှိထားသောရုပ်ရှင်ဖြစ်သည်။

ဗြိတိန်ဒါရိုက်တာ ခရစ်စတိုဖာနိုလန် ရိုက်ကူးထားပြီး တွမ်ဟာဒီလည်းပါဝင်သည့် Dunkirk သည် အမေရိကန်နှင့် ကနေဒါရုပ်ရှင်ရုံများမှ ဒေါ်လာ ၅၀ ဒသမ ၅ သန်းရရှိခဲ့သည်။ ဝေဖန်သူအများအပြားကလည်း Dunkirk ကို အပြောင်မြောက် ဆုံးလက်ရာတစ်ခုဟု ခေါ်ဆိုနေကြသည်။ ဇာတ်လမ်းမှာ ၁၉၄၀ ပြည့်နှစ်က ပြင်သစ်နိုင်ငံ၏ မြို့တစ်မြို့ဖြစ်သည့် Dunkirk ကို နာဇီတို့က မသိမ်းပိုက်မီ ထိုကမ်းခြေမြို့ထဲမှ မဟာမိတ်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ရဲစွမ်းသတ္တိရှိစွာ ကယ်ထုတ်သည့်အကြောင်းကို ပြန်လည်ပြောပြသည့်ပုံစံမျိုးဖြစ်သည်။

ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်း၏ ဒုတိယနေရာတွင် ရှိနေသည်မှာလည်း ဇာတ်ကားသစ်တစ်ကားဖြစ်သော Girls Trip ဖြစ်သည်။ ကွင်းလာတီဖာ၊ ဝီလ်စမစ်၏ဇနီး ဂျာဒါပင့်ကတ်စမစ်တို့ ပါဝင်သရုပ်ဆောင်ထားသည့် Girls Trip သည် ဝင်ငွေဒေါ်လာ ၃၀ ဒသမ ၄ သန်းရရှိထားသည်။ ဇာတ်မြူးပုံစံဖြစ်သည့် ထိုဇာတ်လမ်းထဲတွင် ဘဝတစ်သက်တာ ခင်မင်ခဲ့ကြသည့် အမျိုးသမီးသူငယ်ချင်း လေးဦးသည် နှစ်စဉ်ကျင်းပနေကျ Essence ဂီတပွဲတော်အတွက် နယူးအော်လန်သို့ သွားကြသည့်အကြောင်းဖြစ်သည်။

တတိယနေရာတွင် ရှိနေသည့်ရုပ်ရှင်မှာ ပြသနေသည်မှာ သီတင်းသုံးပတ်ရှိပြီဖြစ်သည့် Spider-Man: Homecoming ဖြစ်ပြီး ဒေါ်လာ ၂၂ သန်းရရှိထားသည်။ Spider-Man သည် မြောက်အမေရိကဒေသတွင်းမှာပင် ဒေါ်လာသန်း ၂၅၀ ကျော်ရရှိထားပြီးဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်က စာရင်း၏ထိပ်ဆုံး၌ရှိနေခဲ့သော War of the Planet of the Apes ရုပ်ရှင်သည် ဝင်ငွေဒေါ်လာ ၂၀ ဒသမ ၄ သန်းရရှိပြီး စတုတ္ထနေရာသို့ ကျဆင်းသွားခဲ့သည်။

ပဉ္စမနေရာတွင်ရှိနေသည်မှာ ရုပ်ရှင်ကားသစ်တစ်ကားဖြစ်သော Valerian and the City of a Thousand Planets ဖြစ်သည်။