“ပျို့ချစ်လင်” မြန်မာရုပ်ရှင်ဇာတ်ကားအား ဒစ်ဂျစ်တယ်စနစ်ဖြင့် Restore ပြုလုပ်ကာ Memory Film Festival တွင် ပြသမည်

“ပျို့ချစ်လင်” မြန်မာရုပ်ရှင်ဇာတ်ကားအား ဒစ်ဂျစ်တယ်စနစ်ဖြင့် Restore ပြုလုပ်ကာ Memory Film Festival တွင် ပြသမည်
Published 11 September 2017

၁၉၅၀ ပြည့်နှစ်တွင် ရိုက်ကူးခဲ့သည့် “ပျို့ချစ်လင်” မြန်မာရုပ်ရှင် ဇာတ်ကားအား Myanmar Film Treasure မှ ဒစ်ဂျစ်တယ် စနစ်ဖြင့် Restore ပြုလုပ်လျက်ရှိကာ နိုဝင်ဘာလဆန်းတွင် ပြုလုပ်မည့် Memory Film Festival တွင်ပြသမည်ဖြစ်ကြောင်း သိရသည်။ “ပျို့ချစ်လင်” ဇာတ်ကားမှာ ဒါရိုက်တာဦးတင်မြင့် ရိုက်ကူးထားခြင်းဖြစ်ပြီး သရုပ်ဆောင် ဖိုးပါလေး၊ ဖိုးပါကြီးနှင့် ကြူကြူတို့ အဓိက ပါဝင်ထားကြောင်း သိရသည်။ ရယ်မောပျော်ရွှင်စရာ ဇာတ်ကားတစ်ကားအဖြစ် ဖန်တီးထားသည့် “ပျို့ချစ်လင်” ဇာတ်ကားအား ငွေရောင်ပိတ်ကားထက်တွင် ပြန်လည်ကြည့်ရှုခံစားနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

“Memory Film Festival ရဲ့ အစီအစဉ် တစ်ခုအနေနဲ့ ရှေးခေတ်ဂန္ထဝင် ဇာတ်ကားတွေကို Restore ပြန်လုပ်တဲ့ အစီအစဉ်ကို လုပ်ဆောင်နေပါတယ်။ ဒီလိုလုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကတော့ ဖလင်နဲ့ဖန်တီးထားတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားတွေကို ဒစ်ဂျစ်တယ် စနစ်နဲ့ စနစ်တကျ သိမ်းဆည်းနိုင်ဖို့ ရည်ရွယ်ပါတယ်။ အရှေ့မှာလည်း ဇာတ်ကားတချို့ကို သိမ်းဆည်းထားပြီးပါပြီ။ အဓိကတော့တန်ဖိုးရှိတဲ့ ဇာတ်ကားကောင်းတွေကို သိမ်းဆည်းထားနိုင်ဖို့ပါပဲ။ ဒီလုပ်ငန်းက အရမ်းလည်း အရေးကြီးသလို ဆက်လက်ဆောင်ရွက်သွားသင့်တဲ့ လုပ်ငန်းတစ်ခုလည်းပဲ ဖြစ်ပါတယ်။ အခုနှစ်ပြုလုပ်မယ့် Memory Film Festival မှာလည်း ဒစ်ဂျစ်တယ်စနစ်နဲ့ သိမ်းဆည်းထားပြီးဖြစ်တဲ့ မြန်မာဇာတ်ကားကို ပြသမယ့်အစီအစဉ် တစ်ခုလည်း ပါဝင်လာမှာပါ” ဟု အကယ်ဒမီ ဆွေဇင်ထိုက်က ဆိုပါသည်။

Myanmar Film Treasure မှာ Memory Film Festival မှ ဦးဆောင်၍ Yangon Film School မှ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာဂန္ထဝင်ဇာတ်ကားများအား ထိန်းသိမ်းခြင်းများ ပြုလုပ်နေခြင်းဖြစ်ပြီး မြဂနိုင်ရုပ်ရှင်ဇာတ်ကား၊ ရတနာပုံရုပ်ရှင်ဇာတ်ကား၊ ခြေဖဝါးတော်နုနု ရုပ်ရှင်ဇာတ်ကားများအား ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းထားကာ “ပျို့ချစ်လင်” ဇာတ်ကားကိုလည်း ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းထားရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။