အမျိုးသားတစ်ဦး၏ ခေါင်းကို သေနတ်ဒင်ဖြင့် ထုခဲ့သည့် ရဲတပ်သားအား အရေးယူရန် စစ်ဆေးနေပြီး စခန်းမှူးကို နေရာပြောင်းရွှေ့ တာဝန်ပေးထားဟုဆို

အမျိုးသားတစ်ဦး၏ ခေါင်းကို သေနတ်ဒင်ဖြင့် ထုခဲ့သည့် ရဲတပ်သားအား အရေးယူရန် စစ်ဆေးနေပြီး စခန်းမှူးကို နေရာပြောင်းရွှေ့ တာဝန်ပေးထားဟုဆို
Published 14 August 2018

ပန်းဘဲတန်းမြို့နယ်တွင် အမျိုးသားတစ်ဦးကို သေနတ်ဒင်ဖြင့် ထုပြီး သေနတ် ပြောင်းဝနှင့် နောက်စေ့ကို ဆောင့်ခဲ့သည် ဆိုသည့် ပန်းဘဲတန်းမြို့မရဲစခန်းမှ ရဲတပ်သားကို အရေးယူနိုင်ရန် စစ်ဆေး ဆောင်ရွက်နေကြောင်း သြဂုတ် ၁၃ ရက်တွင် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ထို့ပြင် အခင်းဖြစ်ချိန်က ပန်းဘဲတန်းမြို့မရဲစခန်းတွင် တာဝန် ထမ်းဆောင်နေသော စခန်းမှူးဖြစ်သည့် ရဲအရာရှိကိုလည်း အခြားနေရာ တစ်နေရာသို့ ပြောင်းရွှေ့ တာဝန်ပေးထားကာ အရေးယူနိုင်ရန် ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

“သေနတ်နဲ့ ထုခဲ့တယ်ဆိုတဲ့ ရဲတပ်သားကို ခုစခန်းအချုပ်ထဲမှာ ဖမ်းဆီးပြီး ဆက်လက် စစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။ စစ်ဆေးဆဲ ကာလဖြစ်တဲ့အတွက် စခန်းမှူးကိုတော့ ဒီစခန်းမှာ တာဝန် ဆက်မပေးတော့ဘဲ အခြားနေရာ တစ်နေရာမှာ ပြောင်းလဲ တာဝန်ပေးထားပါတယ် ” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သြဂုတ် ၁၁ ရက် ညပိုင်းတွင် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်မှာ သြဂုတ် ၁၁ ရက်တွင် Sandar Win Aung အကောင့်နာမည်ဖြင့် လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွင် ယင်းနေ့ (သြဂုတ် ၁၁) ရက် နံနက် ၂ နာရီခွဲခန့်က ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ကုန်ဈေးတန်းလမ်းထောင့်ရှိ လမ်းဘေး ထမင်းကြော်ဆိုင်၌ ကိုစည်သူနှင့် ၎င်း၏ ဇနီးဖြစ်သူတို့ ထမင်းကြော်စားနေစဉ် အငှားယာဉ်တစ်စီး ရောက်ရှိလာပြီး ၎င်းယာဉ်မောင်းဖြစ်သူက ကိုစည်သူ၏ ဇနီးအား “ ဘာလို့မှိုင်နေတာလဲ၊ အခုထိလူ မရသေးလို့လား၊ ဈေးဦး မပေါက်သေးလို့လား ” ဟု ပြောဆိုသဖြင့် ၎င်းယာဉ်မောင်းနှင့် အဆိုပါ ဇနီးမောင်နှံတို့ စကားများ ရန်ဖြစ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပန်းဘဲတန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်နေရာသို့ ရောက်ရှိလာကာ အခင်းဖြစ်နေသူများအား ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ယင်းသို့ ခေါ်ဆောင်လာစဉ် ရဲတပ်သားတစ်ဦးက ကိုစည်သူ၏ နားထင်အား သေနတ်ဒင်ဖြင့် ထုပြီး သေနတ်ပြောင်းဝနှင့် နောက်စေ့ကို ဆောင့်ခဲ့သဖြင့် ကိုစည်သူ၏ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ပြီး အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယင်းဖြစ်စဉ်တွင် ပါဝင်သူ တပ်ဖွဲ့ဝင်များအား စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့စည်းပြီး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ဆက်လက် ထုတ်ပြန်ထားသည်။

သြဂုတ် ၁၁ ရက် နံနက် ၂ နာရီခွဲခန့်က ပန်းဘဲတန်းမြို့နယ်၊ ကုန်ဈေးတန်းလမ်းရှိ ထမင်းကြော်ဆိုင်တွင် ကိုစည်သူနှင့် ဇနီးဖြစ်သူတို့ ထမင်းစားနေစဉ် အငှားယာဉ်မောင်းတစ်ဦးက ကိုစည်သူ၏ ဇနီးဖြစ်သူအား ပြောဆိုရာမှ စတင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကို Sandar Win Aung အမည်ဖြင့် အကောင့် က Live လွှင့်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အဆိုပါ Sandar Win Aung အကောင့်ဖြင့် သြဂုတ် ၁၂ ရက် ညပိုင်းက ဖော်ပြထားရာတွင် အထက်အဆင့်က ညွှန်ကြားသည့်အတွက် ပြစ်မှုကျူးလွန်သည့် ရဲဝန်ထမ်းကို အပြစ်ပေးရန်အတွက် စီမံလုပ်ကိုင်နေခြင်းကို ကျွန်မတို့ မြင်တွေ့ခဲ့ရကြောင်း၊ ထိုသို့ စစ်ဆေးပြီး အပြစ်ပေးမည်ဆိုလျှင် မကျေနပ်စရာ မရှိကြောင်း၊ ယခုလို ပွင့်လင်းမြင်သာ တရားမျှတမှု ဖြစ်ပေါ်လာသည်ကို ကြိုဆိုလက်ခံကြောင်းနှင့် ကျူးလွန်သူ ရဲတပ်သား၏ လစာ လေးလစာကို တောင်းခံခဲ့ရာ စခန်းကလည်း ကျူးလွန်သူ ရဲတပ်သား၏ လစာ လေးလစာကို ၎င်းတို့အား ပေးအပ်ခဲ့သည်ဟု ရေးသားထားသည်ကို တွေ့ရသည်။