မင်္ဂလာဒုံမြို့နယ်တွင် ဒေါ်လာ သန်းတစ်ရာကျော် တန်ဖိုးရှိ စံချိန်တင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်၍ ဖမ်းဆီးတရားစွဲဆို ခံထားရသည့် မင်းဦးခိုင်ပါ ၁၀ ဦးစလုံးကို ရုံးချိန်းပေါင်း ၉၃ ချိန်း စစ်ဆေးအပြီးတွင် စွဲချက်တင်ကြောင်း အမိန့်ချ

မင်္ဂလာဒုံမြို့နယ်တွင် ဒေါ်လာ သန်းတစ်ရာကျော် တန်ဖိုးရှိ စံချိန်တင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်၍ ဖမ်းဆီးတရားစွဲဆို ခံထားရသည့် မင်းဦးခိုင်ပါ ၁၀ ဦးစလုံးကို ရုံးချိန်းပေါင်း ၉၃ ချိန်း စစ်ဆေးအပြီးတွင် စွဲချက်တင်ကြောင်း အမိန့်ချ
Published 9 August 2018

မင်းဦးခိုင်ပါ ၁၀ ဦးအား သြဂုတ် ၈ ရက်တွင် မြောက်ပိုင်းခရိုင် တရားရုံး၌ တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးဝင်း)

မင်္ဂလာဒုံမြို့နယ်တွင် ဒေါ်လာ သန်းတစ်ရာကျော် တန်ဖိုးရှိ စံချိန်တင် ဖမ်းဆီးရမိသည့် အမှုနှင့်ပတ်သက်၍ ဖမ်းဆီးတရားစွဲဆို ခံထားရသည့် မင်းဦးခိုင်ပါ ၁၀ ဦးကို ရုံးချိန်းပေါင်း ၉၃ ချိန်း စစ်ဆေးအပြီးတွင် စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့သည်။

မင်းဦးခိုင်ပါ ၁၀ ဦးကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး ဒုတိယခရိုင်တရားသူကြီး ၆ တရားခွင်၌ သြဂုတ် ၈ ရက်တွင် စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

မင်းဦးခိုင်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၀(က) ဖြင့် လည်းကောင်း၊ ရန်ယုန်ချင်း (ခ) ချိုချိုဝင်း၊ ထွန်းကျော်ဇံ၊ ဇော်ဇော်မင်း၊ သန်းရွှေ (ခ) ဂျင်မီ ၊ ညွန့်ဝင်း၊ မဝင်းခိုင်ငြိမ်း (ခ) ငြိမ်းငြိမ်း၊ ရန်လျှောက်ဟွာ၊ မောင်ဝင်း (ခ) ကျော်ထူး၊ ခင်မောင်သန်းတို့ ကိုးဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၀ (က)/၂၁ တို့ဖြင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

စွဲချက်တင်ခံရသူများကမူ ၎င်းတို့တွင် အပြစ်မရှိကြောင်း တရားခွင်တွင် ငြင်းဆိုခဲ့ကြသည်။

“ကျွန်တော်တို့ကို ပြန်ပေးဆွဲထားသလို ဖြစ်နေတယ်။ အဓိက ချုပ်ကိုင်တဲ့သူတွေကို ဘယ်သူမှ မမိဘူး” ဟု စွဲချက် တင်ခံထားရသူများထဲမှ အမျိုးသားတစ်ဦးက မီဒီယာများထံ ပြောကြားသည်။

အဆိုပါအမှုတွင် တရားလိုပြ သက်သေ ၆၈ ဦး တင်သွင်းခဲ့သည့်အနက် ၄၈ ဦးကို စစ်ဆေးခဲ့ပြီး ၂၀ ကို တရားလိုဘက်မှ ပယ်ခဲ့ကြောင်း၊ ယခု စွဲချက်တင်ချိန်အထိ ရုံးချိန်းပေါင်း ၉၃ ချိန်း အမှုစစ်သည့် စုစုပေါင်းကြာချိန်မှာ နှစ်နှစ် ခုနစ်လ ကြာမြင့်ကြောင်း တရားရုံးမှ သိရသည်။

တရားလိုမှာ ဒုရဲမှူးဝင်းမြင့် ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် တရားစွဲတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ စတင် တရားစွဲဆိုစဉ်က တရားခံပြေးအမှု ပါဝင်ခဲ့ပြီး ယင်းတရားခံပြေးအမှုကို ငါးလ ၁၀ ရက်ကြာ စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ တရားခံပြေးအမှုကို စစ်ဆေးနေစဉ် ထွက်ပြေးနေသည့် ခင်မောင်သန်းနှင့် မောင်ဝင်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါတရားရုံးမှ သိရသည်။

ထို့ပြင် စွပ်စွဲခံရသူများက ၎င်းတို့ စွဲဆိုခံရသည့် အမှုများကို ရန်ကုန်တိုင်း တရားလွှတ်တော်သို့ ပြောင်းရွှေ့ စစ်ဆေးပေးရန် လျှောက်ထားသဖြင့် ရန်ကုန်တိုင်း တရားလွှတ်တော်သို့ အမှုတွဲတင်ပြခဲ့ကြောင်း၊ ရန်ကုန်တိုင်း တရားလွှတ်တော်တွင် အဆိုပါအမှုတွဲမှာ ခုနစ်လ ၂၁ ရက် ကြာမြင့်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီ ၉ ရက်တွင် မြောက်ပိုင်းခရိုင် တရားရုံးသို့ ပြန်လည်ရောက်ရှိသဖြင့် ဆက်လက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းရှိ Terminal ဆီဆိုင်ဘေး ခြောက်လမ်းသွား လမ်းမပေါ်၌ ၂၀၁၅ ခုနှစ် ဇူလိုင် ၂၆ ရက် နံနက် ၅ နာရီတွင် ရပ်တန့်ထားသည့် ကွန်တိန်နာ ယာဉ်တစ်စီးပေါ်မှ ပီနံအိတ် ၈၉ အိတ်ဖြင့် ထုတ်ထားသော WY စိတ်ကြွဆေးပြား ၂၆၇ သိန်းကို မင်္ဂလာဒုံရဲစခန်းမှ တာဝန်ရှိသူများက လှည့်ကင်း ဆောင်ရွက်နေချိန်တွင် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

ဖမ်းဆီးရမိသော WY စိတ်ကြွဆေးပြား ၂၆၇ သိန်းမှာ ပန်းရောင်ဆေးပြားများဖြစ်ပြီး ထိုစဉ် ကာလပေါက်ဈေး အနေဖြင့် ကျပ် ၁၃၃ ဘီလျံ (ဒေါ်လာ သန်း ၁၀၀) ကျော် တန်ဖိုးရှိကြောင်း သိရသည်။

ယင်းစံချိန်တင် စိတ်ကြွဆေးပြားများ တွေ့ရှိမှုမှ မင်းဦးခိုင်မှာ မရမ်းကုန်းမြို့နယ်အတွင်းရှိ ရေလုပ်ငန်း လုပ်ကိုင်သော ကုလားတန်မြစ်ဝှမ်းဒေသဖွံ့ဖြိုးရေးကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ၎င်းပါ ၁၀ ဦးကို ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၂၀(က)/၂၁ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးရမိမှုနှင့် ဆက်စပ်၍ ၂၀၁၅ ခုနှစ်အတွင်း၌ပင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နှင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တို့တွင် မူးယစ်ဆေးပြား သိန်းဆယ်ချီ ဖမ်းဆီးရမိခဲ့ပြီး ထိုသို့ ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။

ယင်းကြောင့် အရှေ့ပိုင်းခရိုင်တရားရုံးက အမှုအား စစ်ဆေးခဲ့ပြီး၂၀၁၈ ခုနှစ်ဇူလိုင် ၂၀ ရက်တွင် ထောင်ဒဏ် ၄၈ နှစ် အပါအဝင် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ထိုသို့ အမိန့်ချမှတ်ရာတွင် ဇော်ဇော်မင်း၊ ထွန်းကျော်ဇံ၊ သန်းရွှေ (ခ) ဂျင်မီ၊ ညွန့်ဝင်း၊ ဝင်းခိုင်ငြိမ်း၊ ရန်ရှောက်ဟွာ၊ မောင်ဝင်းတို့ ခုနစ်ဦးအား ၄၈ နှစ်စီ ကျခံစေရန်၊ ခင်မောင်သန်းအား ၃၂ နှစ်၊ သိန်းထွန်းအေးနှင့် အောင်တင်ဝင်းတို့အား နှစ် ၂၀ စီ၊ ထွန်းဇော်ဌေးနှင့် ထွန်းမင်းတို့အား ၁၆ နှစ်စီ ထောင်ဒဏ်များ ကျခံစေရန် အမိန့်ချခဲ့ကြောင်း သိရသည်။

ထိုသို့ ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသူများအနက် အချို့မှာ ယခု စွဲချက်တင်ထားခြင်း ခံရသူများထဲတွင် ပါဝင်လျက်ရှိကြောင်း သိရသည်။

အလားတူ စံချိန်တင် ဖမ်းဆီးရမိမှုနှင့် စပ်လျဉ်း၍ သာကေတမြို့နယ်တွင်လည်း မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။