ခုနစ်ရက်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို တိုင်ကြားမှုကြောင့် ဖမ်းဆီးအရေးယူခဲ့သူ ၄၀၀ ကျော်အထိ ရှိကြောင်း နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်

ခုနစ်ရက်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို တိုင်ကြားမှုကြောင့် ဖမ်းဆီးအရေးယူခဲ့သူ ၄၀၀ ကျော်အထိ ရှိကြောင်း နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်
Published 7 August 2018

ခုနစ်ရက်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို တိုင်ကြားမှုကြောင့် ဖမ်းဆီးအရေးယူခဲ့သူ ၄၀၀ ကျော်အထိ ရှိကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မူးယစ်ဆေးဝါး အထူးသတင်းပေး တိုင်ကြားရေးဌာနသို့ တိုင်ကြားပေးပို့သော သတင်းများကို စိစစ်ဖော်ထုတ် အရေးယူခဲ့သည့်အပြင် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ သီးခြားရရှိသော မူးယစ်သတင်းများအပေါ် စိစစ်ဖော်ထုတ်ခြင်း၊ နယ်စပ်ပူးပေါင်း စစ်ဆေးရေးဂိတ်များတွင် ပိတ်ဆို့ ရှာဖွေစစ်ဆေးခြင်းတို့ကြောင့် ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၄ ရက်အထိ မူးယစ်ဆေးဝါးမှုပေါင်း ၂၇၂ မှုတွင် တရားခံ ကျား ၃၄၈ဦး၊ မ ၅၃ဦး၊ စုစုပေါင်း ၄၀၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသည် ဘိန်းဖြူ ၁၇၄၉ ဒသမ ၅၉ ဂရမ်၊ ICE ၀ ဒသမ ၉၁ ဂရမ်၊ ဘိန်းစိမ်း ၅၃၃၀ ဒသမ ၈၁ ဂရမ်၊ အဆင့်နိမ့်ဘိန်း ၇၄ ဂရမ်၊ ဘိန်းစာမှုန့် ၂၅၅ ဂရမ်၊ စိတ်ကြွဆေးပြား ၂၆၂၉၁၆ ပြား၊ ဆေးခြောက် ၂၅၁၉ ဒသမ ၇၈ ဂရမ်၊ စိတ်ကြွဆေးပြားအမှုန့် ၀ ဒသမ ၀၇ ဂရမ်၊ ဘိန်းဖြူရည် ၂ ဒသမ ၉၅ လီတာ၊ ဘိန်းဆီခဲ ၃၀၆၄ ဒသမ ၁၀ ဂရမ်နှင့် ဗျူပရီနော်ဖင်းဆေးပြား ၇၉ ပြားတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ ပိုမို ဖမ်းဆီးရမိရေးနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များသို့ တိုင်ကြားနိုင်သည့်အပြင် ထူးခြားသည့် ကိစ္စရပ်များနှင့် ကြီးမားသည့် မူးယစ်ဆေးဝါးရောင်းဝယ်မှု ကိစ္စရပ်များကို နိုင်ငံတော်သမ္မတရုံး၏ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနသို့ တိုင်ကြားနိုင်ကြောင်းလည်း သိရသည်။