<

ပျဉ်းမနားမြို့တွင် စိတ်ကြွမူးယစ်ဆေး ငါးပြား စတင်ဖမ်းမိရာမှ ကွင်းဆက်အရ ဆေးပြား ၂၀၀၀ ကျော် ထပ်မံ ဖမ်းဆီးရမိ

ပျဉ်းမနားမြို့တွင် စိတ်ကြွမူးယစ်ဆေး ငါးပြား စတင်ဖမ်းဆီးမိရာမှ ကွင်းဆက်အရ ဆက်လက် စစ်ဆေးရာ ဆေးပြား ၂၀၀၀ ကျော် ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ ရှိနေသည့်အတွက် ရဲတပ်ဖွဲ့က လှည့်ကင်း ဆောင်ရွက်နေစဉ် ပျဉ်းမနားမြို့ ရွှေချီရပ်ကွက်၌ မူးယစ်ဆေးဝါး ရောင်းချသူဟု သတင်းရရှိထားသူအား တွေ့ရှိသဖြင့် ပိတ်ဆို့ဖမ်းဆီးရာ ခန့်ညား (၁၇ နှစ်)ထံမှ ကျပ်ရှစ်သိန်းကျော်နှင့် ၈၈/၁ စာတမ်းပါ စိတ်ကြွမူးယစ်ဆေး ငါးပြား စတင် ဖမ်းဆီးရမိခဲ့ကြောင်း ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်ဝင်းက ပြောကြားသည်။

၎င်းက “မူးယစ်ဆေးဝါး ရောင်းချတယ်လို့ သတင်းရရှိထားတဲ့ လူတစ်ယောက်ကို ကျွန်တော်တို့က ရွှေချီရပ်ကွက်ထဲမှာ တွေ့တယ်။ ကင်းပုန်းဝပ် စောင့်နေတဲ့အချိန်မှာ တွေ့တော့ ကျွန်တော်တို့ ကားကနေ ဆင်းပြီးတော့ ဒီကောင့်ကို တားတယ်။ မောင်းပြေးတယ်။ ကားနဲ့ နောက်ကလိုက်ပြီးတော့မှ ဒီကောင့်ရှေ့ရောက်အောင် မောင်းပြီးတော့ ကားခေါင်းနဲ့ လွတ်လို့ မရအောင် ပိတ်ပြီး ရပ်ပစ်လိုက်တယ်။ ဒီကောင်လည်း ဆက်မောင်းလို့ မရတော့ဘူး။ အဲဒီမှာမိတယ်။ ကျွန်တော်တို့ ဒီကောင့်ဆီက ရှာလိုက်တဲ့ အခါကျတော့ ပိုက်ဆံ ရှစ်သိန်းကျော်နဲ့ မူးယစ်ဆေးဝါး ငါးပြား တွေ့တယ်” ဟု ပြောကြားသည်။

စိတ်ကြွမူးယစ်ဆေးပြား စတင် ဖမ်းဆီးရမိသူအား စစ်ဆေးရာမှ ဂတုံး (ခ) ကိုစိုင်း (ခ) စိုင်းကိုကို (၂၈ နှစ်) က တစ်ပြားလျှင် ကျပ် ၃၀၀၀ ဖြင့် ရောင်းချခိုင်းသည်ကို သိရှိရသဖြင့် လိုက်လံ ဖမ်းဆီးရာ ရွာကောက်ရပ်ကွက်၊ သူကြီးစုရပ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းနံဘေး၊ အုန်းတောကွေ့အနီးရှိ ထမင်းကြော်ဆိုင်တွင် ဂတုံး (ခ) ကိုစိုင်း (ခ) စိုင်းကိုကို ထိုင်နေသည်ကို တွေ့ရှိရသဖြင့် ဖမ်းဆီး စစ်ဆေးရာ ကြွပ်ကြွပ်အိတ် အသေးဖြင့် ထုပ်ထားသည့် ၈၈/၁ စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ပြား လေးထုပ်၊ အပြာရောင် ပလတ်စတစ်ဖြင့် ထည့်ထားသည့် ၈၈/၁ စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ကိုးထုပ်၊ အပြာရောင် ပလတ်စတစ်ဖြင့် ထည့်ထားသည့် ၈၈/၁ စာတမ်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀ ပါ တစ်ထုပ် တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာငွေစက္ကူရောရာ ကျပ် ၈၅၉၀၀၀၊ စိတ်ကြွမူးယစ်ဆေး သုံးစွဲရာတွင် အသုံးပြုသည့် ကြေးပိုက်တို တစ်ချောင်း၊ ပိုက်သေး အပျော့နှစ်ခုနှင့် အသုံးမပြုရသေးသည့် ခဲစက္ကူ အပိုင်းအသေး ၁၂ ခု၊ ရောင်စုံ ဂက်စ်မီးခြစ်နှစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

ရဲမှူး ကြည်ဝင်းက “ကျွန်တော်တို့ ၀ိုင်းပြီးတော့ ဖမ်းလိုက်တဲ့အချိန်မှာ မနက်စောစောပေါ့ဗျာ။ ငါးနာရီခွဲလောက် ဖြစ်သွားပြီ။ ပထမကောင်က ၄ နာရီခွဲမှာ မိတယ်။ အဲဒီ ၅ ခွဲမှာ မိခဲ့တဲ့အခါကျ ဒီကောင်က ဆေးလည်း ချထားပြီးပြီ။ ဓားရှည် ငှက်ကြီးတောင်ဓားနဲ့ ဒီကောင်ကို ကျွန်တော်တို့ ခါးကို ၀ိုင်းဖက်လိုက်တဲ့အချိန်မှာ ထိန်းနိုင်လို့ပေါ့။ မထိန်းဘူး ဆိုလို့ရှိရင်တော့ ဒီကောင်ကလည်း ဓားကတော့ ငှက်ကြီးတောင်ဓားနဲ့ မူးယစ်ဆေးဝါးလည်း ဒီကောင်ဆီက အပြား ၂၀၀၀ နဲ့ ငွေရှစ်သိန်းခွဲ ထပ်ပြီးတော့ ဖမ်းဆီးရမိတာပေါ့” ဟု ဆက်လက် ပြောကြားသည်။

မူးယစ်ဆေးဝါး စတင် ဖမ်းဆီးရမိသူ ခန့်ညားအား (ပ) ၁၁/၂၀၁၈၊ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)/၂၀ (က)/၂၁ ဖြင့် အမှုဖွင့်ထားပြီး ဂတုံး (ခ) ကိုစိုင်း (ခ) စိုင်းကိုကိုအား (ပ) ၁၂/၂၀၁၈၊ ၁၉၉၃ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀ (က)/၂၁/၂၂ ဖြင့် အမှုဖွင့်ထားသည်။

“နှစ်မှု ဖွင့်ထားပါတယ်။ ကွင်းဆက် လိုက်ပါတယ်။ လိုက်တဲ့ အခါမှာ သူ့အိမ်ကိုလည်း သွားရှာတယ်။ မတွေ့ပါဘူး။ နောက်တစ်ခါ သိရတဲ့ဟာ ဖိုးကျော်ဆီကနေ ၀ယ်ထားတယ်လို့ ပြောတယ်။ အဲဒီဖိုးကျော်က ဒီမှာ အတည်တကျ နေထိုင်ခြင်း မရှိတဲ့အခါကျတော့ ဖိုးကျော်ကို လိုက်ပြီးတော့ စုံစမ်းလို့ မရတဲ့အတွက်ကြောင့် ဖိုးကျော်ရဲ့ဓာတ်ပုံတွေကို လိုက်ရှာပြီးတော့ အိမ်ကိုတော့ မရှာနိုင်တဲ့အတွက်ကြောင့်မို့လို့ ဖိုးကျော်ကိုတော့ လိုက်ပြီးတော့ စုံစမ်းဆဲဖြစ်နေတယ်။ ဖိုးကျော်က ကွင်းဆက်တရားခံပေါ့။ အဲဒါတော့ ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်ဝင်းက ဆိုသည်။

July 6, 2018














Copy Protected by Chetan's WP-Copyprotect.