YBS ယာဉ်များပေါ် လိုက်ပါစီးနင်းပြီး ခါးပိုက်နှိုက်မှု ၂၀ ကျော် ကျူးလွန်ခဲ့သည့်အဖွဲ့အား လှိုင်သာယာမြို့နယ်တွင် ဖမ်းဆီးရမိ

YBS ယာဉ်များပေါ် လိုက်ပါစီးနင်းပြီး ခါးပိုက်နှိုက်မှု ၂၀ ကျော် ကျူးလွန်ခဲ့သည့်အဖွဲ့အား လှိုင်သာယာမြို့နယ်တွင် ဖမ်းဆီးရမိ
Published 6 July 2018

Photo: Yangon Police

YBS ယာဉ်များပေါ် လိုက်ပါစီးနင်းပြီး ခါးပိုက်နှိုက်မှု ၂၀ ကျော် ကျူးလွန်ထားသည့် အဖွဲ့အား လှိုင်သာယာမြို့နယ်အတွင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

ဖမ်းဆီးရမိသူများမှာ လှိုင်သာယာမြို့နယ် ရေဥက္ကံကျေးရွာနေ မျိုးမင်းထက် (ခ) ကျော်ကြီး (၁၉ နှစ်)၊ သူရ (၂၃ နှစ်)၊ ကျော်စိုးဦး (၁၉ နှစ်)၊ ညီညီမောင် (၂၄ နှစ်)၊ ကျော်ဦး (ခ) ဝတုတ် (၄၄ နှစ်) နှင့် စိုးသီဟ (၂၅ နှစ်) တို့ဖြစ်ပြီး ၎င်းတို့ကို လှိုင်သာယာမြို့နယ်အတွင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“သူတို့ကို ဇွန်လကုန်ပိုင်းလောက်က ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ခါးပိုက်နှိုက်မှု ပြစ်ချက်ဟောင်းရှိတဲ့လူတွေပါ။ ဖမ်းပြီးစစ်တော့ ခါးပိုက်နှိုက်မှု ၂၁ မှု ပေါ်ပေါက်တာ ဖြစ်ပါတယ်” ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

၎င်းတို့ခြောက်ဦးသည် မေလနှင့် ဇွန်လများအတွင်းက လှိုင်သာယာမြို့နယ် ဘုရားလမ်းမှတ်တိုင်မှ သမိုင်းဈေးဘူတာသို့ ပြေးဆွဲသည့် YBS ယာဉ်လိုင်း အမှတ် (၁၆) ယာဉ်ပေါ်၌ စီးနင်းလိုက်ပါလာသည့် ခရီးသည် အမျိုးသမီးများထံမှ MPT ဖုန်းတစ်လုံး၊ Huawei ဖုန်းငါးလုံး၊ Samsung ဖုန်းနှစ်လုံး၊ CMX ဖုန်းတစ်လုံး၊ Kenbo ဖုန်းတစ်လုံး၊ XBO ဖုန်းတစ်လုံးနှင့် Kimfly ဖုန်းတစ်လုံးတို့ကိုလည်းကောင်း နှိုက်ယူခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့သည် YBS ယာဉ်လိုင်း အမှတ် (၂၂) နှင့် အမှတ် (၂၃) ယာဉ်များပေါ် စီးနင်းလိုက်ပါလာသည့် ခရီးသည်အမျိုးသားနှင့် အမျိုးသမီးများထံမှ ILOVFA ဖုန်းတစ်လုံး၊ Gionee ဖုန်းတစ်လုံး၊ Huawei ဖုန်းတစ်လုံး၊ Mi 4A ဖုန်းတစ်လုံး၊ Vivo ဖုန်းတစ်လုံး၊ Oppo ဖုန်းနှစ်လုံး၊ Samsung ဖုန်းတစ်လုံးနှင့် MPT ဖုန်းတစ်လုံးတို့အား နှိုက်ယူခဲ့ကြောင်း သိရသည်။

နှိုက်ယူခဲ့သည့်ဖုန်းများကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ၎င်းတို့ကို အင်းစိန်နှင့် လှိုင်သာယာရဲစခန်းများတွင် အမှုများဖွင့်ကာ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။