ဟုမ္မလင်းမြို့နယ်တွင် မျက်နှာတွင် အဝတ်များ စည်းထားသူ အမျိုးသား ၁၂ ဦးက ဓားကိုယ်စီ ကိုင်ဆောင်၍ နေအိမ်ဈေးဆိုင်အတွင်း ဝင်ရောက်ပြီး ဓားပြတိုက်မှုဖြစ်ပွား

ဟုမ္မလင်းမြို့နယ်တွင် မျက်နှာတွင် အဝတ်များ စည်းထားသူ အမျိုးသား ၁၂ ဦးက ဓားကိုယ်စီ ကိုင်ဆောင်၍ နေအိမ်ဈေးဆိုင်အတွင်း ဝင်ရောက်ပြီး ဓားပြတိုက်မှုဖြစ်ပွား
Published 10 June 2018

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် စေတီဆိပ်ကျေးရွာအနီးတွင် အမည်မသိ အမျိုးသား ၁၂ ဦးက ဓားကိုယ်စီ ကိုင်ဆောင်၍ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဟုမ္မလင်းမြို့နယ် စေတီဆိပ်ကျေးရွာနှင့် နံ့သာကျေးရွာသွား ကားလမ်း၊ ဟွေ့ကျောင်းရွှေမှော်၊ နံ့သာအုပ်စုရှိ ဒေါ်ရီရီဝင်း၏ ဈေးဆိုင်တွင် ဇွန် ၈ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုလူများက ငွေကျပ်သိန်း ၅၀၊ ပွင့်စုရွှေ ၂၀ ကျပ်သား၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ဆိုင်ကယ်တစ်စီး ယူဆောင်သွားခဲ့သည်။

ဖြစ်စဉ်မှာ ဒေါ်ရီရီဝင်းသည် မောင်ဖြစ်သူ ကိုမင်းဇော်ထွန်းနှင့်အတူ နံ့သာကျေးရွာအုပ်စု၊ ဟွေ့ကျောင်း ရွှေမှော်တွင် ကုန်စုံဆိုင်ဖွင့်လှစ်ကာ ဈေးရောင်းလုပ်ငန်းနှင့်အတူ ရွှေပွင့်စုဝယ်ယူသည့်လုပ်ငန်း လုပ်ကိုင်နေကြပြီး ဇွန် ၈ ရက် ည ၈ နာရီ နေအိမ်ဈေးဆိုင်တွင် အိပ်ပျော်နေကြစဉ် နေအိမ်ဆိုင်တံခါးမကြီးအား ဆွဲဖွင့်သံကြားရသဖြင့် တရားလိုက လာကြပါဦးဟု အော်ဟစ်နေစဉ် ဘောင်းဘီရှည်များ ဝတ်ထားကြပြီး မျက်နှာများအား အဝတ်များ စည်းထားသော အမည်မသိ အမျိုးသား ၁၀ ဦးက အရှည်တစ်တောင်ရှိ ဓားများ ကိုယ်စီကိုင်ဆောင်၍ နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့သဖြင့် ကိုမင်းဇော်ထွန်းမှ ထကြည့်ရာ ၎င်းတို့အဖွဲ့မှ အမျိုးသားတစ်ဦးက ကိုမင်းဇော်ထွန်း၏ ဦးခေါင်းအား ဓားဖြင့် ခုတ်သည့်အပြင် ရင်ဘတ်အား ဓားဖြင့် လှမ်းထောက်ထားခဲ့သဖြင့် ဦးခေါင်းယာဘက်ဘေး တစ်လက်မခွဲရှိ ပြတ်ရှဒဏ်ရာနှင့် ရင်ဘတ်တွင် ပွန်းခြစ်ဒဏ်ရာတို့ ရရှိခဲ့သည်။

အမည်မသိ အမျိုးသားအဖွဲ့မှ အိပ်ခန်းအတွင်းထားသော သံသေတ္တာသော့အား ရိုက်ဖျက်ကာ သေတ္တာအတွင်းမှ ငွေကျပ်သိန်း ၅၀၊ ပွင့်စုရွှေ ၂၀ ကျပ်သား (ကာလတန်ဖိုး ၁၈၆ သိန်း)၊ ကိုမင်းဇော်ထွန်း ကိုင်ဆောင်သည့် VIVO NERO 5 အမျိုးအစား ဟန်းဆက်တစ်လုံး၊ နေအိမ်ဈေးဆိုင် အနောက်ဘက် တဲအတွင်းထားသည့် CANDA 125 အမျိုးအစား နက်/နီ ရောင် ဆိုင်ကယ်တစ်စီးတို့ ယူဆောင်ပြီး စေတီဆိပ်ကျေးရွာသို့ ဆိုင်ကယ်များဖြင့် မောင်းထွက်သွားသည်ကို တွေ့ရှိရသဖြင့် တရားလိုမှ အပြင်ထွက်ကြည့်စဉ် စုစုပေါင်း ဆိုင်ကယ်ခြောက်စီးဖြစ်ပြီး တစ်စီးလျှင် လူနှစ်ဦး လိုက်ပါစီးနင်းကာ အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသား ၁၂ ဦး ဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

နေအိမ် ဈေးဆိုင်အတွင်းသို့ ဓားကိုယ်စီ ကိုင်ဆောင်ကာ ဝင်ရောက်ပြီး ရွှေ၊ ငွေနှင့် ပစ္စည်းများယူဆောင်၍ ကိုမင်းဇော်ထွန်းအား ဒဏ်ရာများရရှိအောင် ဓားဖြင့်ခုတ်သူ အမျိုးသား ၁၂ ဦးအား ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းနယ်မြေရဲစခန်းတွင် (ပ) ၂၆/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၅/၃၉၇ ဖြင့် အမှုဖွင့် စုံစမ်းဖော်ထုတ်နေကြောင်း ဟုမ္မလင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။