ပဲခူးမြို့လယ်တွင် ရဲတပ်သားနှစ်ဦးထံမှ လုယူသွားသော တရားခံနှင့် လုယူသူတို့ နှစ်ဦးအား ဖမ်းဆီးရမိ

ပဲခူးမြို့လယ်တွင် ရဲတပ်သားနှစ်ဦးထံမှ လုယူသွားသော တရားခံနှင့် လုယူသူတို့ နှစ်ဦးအား ဖမ်းဆီးရမိ
Published 20 August 2017

ပဲခူးမြို့လယ် အမှတ် ၂ ရဲစခန်းပိုင် နယ်မြေအတွင်း ဇူလိုင် ၃၁ ရက် ညနေ ၄ နာရီခန့်က ဖမ်းဆီးထားသော တရားခံကို မြို့နယ်တရားရုံးမှ ချုပ်ရက်ရမန်ယူပြီး စခန်းသို့ ပြန်ခေါ်လာစဉ် ရဲဝန်ထမ်းများကို ဓားဖြင့်ခြိမ်းခြောက်ပြီး တရားခံအား ပြန်လည်လုယူသွားသူနှင့် လုယူခံရသော တရားခံတို့အား သြဂုတ် ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးမြို့ အမှတ် ၂ ရဲစခန်းမှ ဒုတပ်ကြပ် မြတ်ကိုကိုလှိုင်နှင့် ဒုတပ်ကြပ် ကျော်ဇင်လတ်တို့သည် ဇူလိုင် ၃၁ ရက် ညနေတွင် ( ပ) ၄၁၇/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ခံထားရသူ အောင်ဖြိုးေ၀ အသက် ၂၁ နှစ် အဘ ဦးကျော်မင်း အမှတ် ၄၉၀ မှော်ကန် ၂၀ လမ်း ပုဏ္ဍားစု ရပ်ကွက်တွင် နေထိုင်သူအား ပဲခူးမြို့နယ် တရားရုံးမှ ချုပ်ရက်ရမန်ယူပြီး ဆိုင်ကယ်ဖြင့် နှစ်ယောက်ကြားတွင်ညှပ်၍ မဇင်းလမ်းဇုံမှ ရွှေသာလျောင်းလမ်းမကြီးအတိုင်း အမှတ် ၂ ရဲစခန်းသို့ပြန်၍ ခေါ်ဆောင်လာစဉ် ကလျာဏီ အရှေ့မင်းလမ်းထိပ် အရောက်တွင် လားရာတူနောက်မှ တရားခံ၏ညီဖြစ်သူ မိုးဒီ (ခ) ထက်လင်းအောင် အသက် ၁၈ နှစ် အဘ ဦးကျော်မင်း စီးနင်းလာသော ဆိုင်ကယ်မှာ ကပ်လျက်လိုက်ပါလာပြီး ယာခြေဖြင့်ကန်လိုက်ရာ တရားခံတင်ဆောင်လာသော ဆိုင်ကယ်မှာ ယာဘက်သို့ တိမ်းမှောက်သွားခဲ့ပြီး ကပ်လိုက်လာသော ဆိုင်ကယ်မှာလည်း ထိုဆိုင်ကယ်ဘေးတွင် လဲသွားသည်။

ထို့နောက် တရားခံ၏ ညီဖြစ်သူ ထက်လင်းအောင်မှ အရှည်တစ်တောင်ခန့်ရှိသော ဓားဖြင့် ခုတ်ရန် ဝှေ့ရမ်း၍ “ငါတို့အနား မကပ်နဲ့ အကုန်လုံး သတ်ပစ်မယ်” ဟု ပြောကာ တရားခံ အောင်ဖြိုးေ၀ (ခ) ဝက်ပုတ်ကို စီးလာသော ဆိုင်ကယ်ဖြင့် ခေါ်ဆောင်ပြီး ရန်ကုန်-မန္တလေး လမ်းမကြီးအတိုင်း ရန်ကုန်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ထိုကြောင့် တရားခံနှင့် လူယူသွားသူတို့အား (ပ) ၄၈၀/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၄/၂၂၅ တို့ဖြင့် အမှုဖွင့်၍ ဖမ်းဆီးရမိရေးအတွက် ကြိုးစားဆောင်ရွက်ကြရာ သြဂုတ် ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဝေါမြို့မဈေးတွင် ပဲခူးမြို့အမှတ် ၂ စခန်းမှူး ရဲအုပ်ချစ်ကြည်နှင့် အဖွဲ့သည် ဝေါမြို့မ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဖြစ်စဉ်အစ ဖြစ်ကတည်းက အချိန်ပြည့် ပဲခူးတိုင်း ခရိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေစဉ်မှာပဲ သူတို့တွေရဲ့အဒေါ် မှော်ကန် ၆ လမ်းမှာရှိတဲ့ မပေါက်ပေါက် (ခ) မနီလာဝင်းအိမ်မှာ အမျိုးသား အဝတ်အစားတွေ လှန်းထားတာ တွေ့ကတည်းက တရားခံတွေနဲ့ အဆက်အသွယ်ရှိမှန်းသိလို့ စောင့်ကြည့်နေခဲ့တယ်။ ဒီနေ့မှာ တရားခံတွေနဲ့ သူတို့ အဒေါ် မပေါက်ပေါက်နဲ့ ချိန်းထားတယ်ဆိုတာ သိရတယ်။ ဒါကြောင့် သူတို့သွားတာကို စောင့်ကြည့်နေစဉ်မှာပဲ မပေါက်ပေါက်နဲ့ အမည်မသိ အမျိုးသမီးတစ်ယောက်ဟာ ဆိုင်ကယ်ကယ်ရီကို ငှားပြီး ဘုရားကြီးဘက်ကို သွားတယ်။ နောက်ဝေါမြို့ကို ဆက်သွားပြီး ဝေါမြို့မဈေးလမ်းကြားမှာ ပန်းသီးဝယ်တယ်။ မကြာခင်မှာ မြစ်ကျိုးဘက်ကလာတဲ့ ခရီးသည်တင်ကားပေါ်က သူတို့ညီအစ်ကိုနှစ်ယောက် ဆင်းလာပြီး သူတို့အဒေါ်နဲ့ တွေ့တယ်။ ပစ္စည်းတွေနဲ့ ပိုက်ဆံတွေပေးနေတုန်း ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတဲ့အခါ ဝက်ပုတ် (ခ) အောင်ဖြိုးဝေက အရှည်တစ်ပေခွဲခန့်ရှိတဲ့ ဓားရှည်နဲ့ ပြန်လည်ခုခံတဲ့အတွက် ရဲအုပ်ချစ်ကြည်လက်မှာ အရိုးအထိနက်တဲ့ ပြတ်ရှဒဏ်ရာ ရခဲ့ပါတယ်။ လုံးထွေးသတ်ပုတ်ပြီး နောက်မှ တရားခံတွေကို ဖမ်းဆီးရမိခဲ့ပါတယ်” ဟု ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်စိုးက ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ အောင်ဖြိုးဝေ၊ ထက်လင်းအောင်၊ အားပေးကူညီသူ မနီလာဝင်းနှင့် အမည်မသိ အမျိုးသမီးတို့အား ယခင်ပြစ်မှုများ အပါအဝင် ပဲခူးမြို့မရဲစခန်းတွင် (ပ) ၃၅၄/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃/၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။