မော်ဒယ်အမျိုးသမီးကို သားမယား နှစ်ကြိမ် ပြုကျင့်မှုဖြင့် အဆိုတော် အစ္စဏီကို တာမွေမြို့မရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီး

မော်ဒယ်အမျိုးသမီးကို သားမယား နှစ်ကြိမ် ပြုကျင့်မှုဖြင့် အဆိုတော် အစ္စဏီကို တာမွေမြို့မရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီး
Published 13 April 2018

ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန

မော်ဒယ်အမျိုးသမီးကို သားမယား နှစ်ကြိမ် ပြုကျင့်မှုဖြင့် အဆိုတော် အစ္စဏီကို တာမွေမြို့မရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီး ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဧပြီ ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ ၁၁ နာရီ အချိန် မော်ဒယ် မ-----(ခ)-------(၂၇)နှစ်သည် သူငယ်ချင်းများနှင့်အတူ ဆယ်လီအရက်ဘားသို့ရောက်ရှိနေစဉ် ဧပြီလ ၁၂ ရက် နံနက် ၂ နာရီ ၄၅ မိနစ်အချိန်၌ ရည်းစားဟောင်းဖြစ်သူ ဟန်ထွန်းဇော်(ခ) အစ္စဏီ(၃၂)နှစ်မှ ဘားအတွင်းဝင်ရောက် ပြဿနာ ရှာနေသဖြင့် မော်ဒယ် မ-----(ခ)-------မှ ၎င်းငှားရမ်းနေထိုင်သည့် တိုက်ခန်းသို့ ကားငှား၍ ပြန်လာခဲ့ရာ ဟန်ထွန်းဇော်(ခ)အစ္စဏီမှလည်း ၎င်းယာဉ်ဖြင့် အတူလိုက်ပါလာခဲ့ပါသည်။

နေအိမ်သို့အရောက်တွင် ဟန်ထွန်းဇော်(ခ) အစ္စဏီမှ မော်ဒယ် မ-----(ခ)------၏ အင်္ကျီအား အတင်းဆွဲချွတ်သဖြင့်ရုန်းကန်စဉ် ဦးခေါင်းဖြင့် မှန်ဗီဒိုအားတိုက်မိခဲ့၍ ဦးခေါင်း နာကျင်ခဲ့သည့် အပြင် တစ်ကိုယ်လုံးအား ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တို့၏ လက်သည်းခွံများကို လှန်ချိုးသဖြင့် နာကျင်၍သတိမေ့နေစဉ် သားမယားအဖြစ်နှစ်ကြိမ်ပြုကျင့်ခဲ့ကြောင်းနှင့် သတိပြန်ရလာစဉ် ပတ်ဝန်းကျင်အား အကူအညီတောင်းခံရန် ကြိုးစားခဲ့ရာ ဟန်ထွန်းဇော် (ခ) အစ္စဏီမှ ၎င်း၏ယာခြေထောက်အား ဗီဒိုမှန်ကွဲစဖြင့် ခြစ်ခဲ့၍ ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ ကြောင်း၊ ထို့နောက် မော်ဒယ် မ-----(ခ)------မှ အိမ်သာအသုံးပြုမည်ဟု အကြောင်းပြကာ အိမ်သာ တံခါးအား လော့ချပြီး သူငယ်ချင်းဖြစ်သူ မ--------ထံ ဖုန်းဖြင့် အကူအညီတောင်းခံခဲ့ရာ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် မ-------နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ရောက်ရှိလာပြီး ၎င်းအားကယ်တင်နိုင် ခဲ့ကြောင်းနှင့် ဧပြီလ ၁၂ ရက်နေ့ ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် မော်ဒယ် မ-----(ခ)------မှ တိုင်တန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ဟန်ထွန်းဇော် (ခ) အစ္စဏီ(ဖမ်းမိ)အား တာမွေမြို့မရဲစခန်းမှ (ပ)၃၆၂/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄(မုဒိမ်းမှု/တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု/ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent