<

လှိုင်းဘွဲ့မြို့နယ်တွင် သားဖြစ်သူက ဖခင်ကို ကြိုးတုပ်၍ တုတ်ဖြင့်ရိုက်သတ်မှုဖြစ်ပွား

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် သားဖြစ်သူက ဖခင်ကို ကြိုးတုပ်၍ တုတ်ဖြင့် ရိုက်သတ်မှု ဇန်န၀ါရီ ၁၁ ရက် နံနက် ၁၀ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ လှိုင်းဘွဲ့မြို့နယ်၊ ကော့အိမ် ဆိုင်ကျေးရွာတွင် နေထိုင်သည့် ဦး……(၆၀)နှစ်သည် သားဖြစ်သူ ကိုထက်ပို၊ ဦးဟာလိန်း (၅၀)နှစ်၊ မရင်သောင်း (၄၄) နှစ်တို့နှင့်အတူ နေအိမ်ခြံဝင်းအတွင်း ရိုးရာနတ်စားအိမ် ဆောက်လုပ်နေစဉ် ၎င်း၏သားဖြစ်သူ ကျော်ပေါင်ကျီ (၂၉) နှစ် ရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် ကျော်ပေါင်ကျီ ဆိုသူမှာ စိတ်ဖောက်ပြန်ပြီး ဖခင်ဖြစ်သူ ဦး….. (၆၀)နှစ်ကို နတ်စင်အနီးရှိ ၀ါးရင်းတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရိုက်နှက်ခဲ့ပြီးနောက် ကျော်ပေါင်ကျီမှာ ဖခင်ဖြစ်သူ၏ ခြေနှင့်လက်တို့ကို နိုင်လွန်ကြိုးဖြင့်ချည်ပြီး အိမ်လှေကားထိပ်တိုင်တွင် တုပ်နှောင်ကာ သစ်သားတုတ်ဖြင့် ထပ်မံရိုက်နှက်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယင်းသို့ အရိုက်ခံခဲ့ရသဖြင့် ဦး… (၆၀)နှစ်မှာ နဖူးကွဲကြေ၊ နှာခေါင်းချိုင့်ဝင်၊ မျက်လုံးနှစ်လုံးပေါက်ထွက် ဒဏ်ရာများ ရရှိခဲ့ကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး အလောင်းကို လှိုင်းဘွဲ့ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ကျော်ပေါင်ကျီ (၂၉) နှစ်ကို ပိုင်ကျုံနယ်မြေရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။