တိုက်ကြီးမြို့နယ်တွင် စိတ်ကျန်းမာရေး မကောင်းသူက ဓားဖြင့်လိုက်ခုတ်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

တိုက်ကြီးမြို့နယ်တွင် စိတ်ကျန်းမာရေး မကောင်းသူက ဓားဖြင့်လိုက်ခုတ်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
Published 8 August 2017

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးက ဓားဖြင့်လိုက်ခုတ်သဖြင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သြဂုတ် ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၇ ရက် နံနက် ၁၀ နာရီခွဲခန့်က တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ချောင်းစောက်ကျေးရွာအုပ်စု၊ ကျောက်ပြင်သာကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦး--- (၄၇)နှစ်မှာ နေအိမ်တွင်ရှိနေစဉ် တစ်ရွာတည်းနေ ကို---- (၃၈ နှစ်) ရောက်ရှိလာပြီး ၎င်းနေအိမ် မျက်စောင်းထိုးတွင် နေထိုင်သည့် တင်မျိုးအောင် (၃၇ နှစ်)ဆိုသူကနေ အိမ်ရှေ့ဖြတ်အသွားတွင် ၎င်းအား ကိုင်းခုတ်ဓားဖြင့် ခုတ်ခဲ့ကြောင်းပြောပြခဲ့သဖြင့် ကြည့်ရှုရာ ကို----(၃၈ နှစ်)၏နောက်ကျောတွင် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိထားသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့နောက် တင်မျိုးအောင်၏ နေအိမ်သို့ သွားရောက်ကြည့်ရှုရာ ၎င်းကိုနေအိမ်အတွင်း၌ တွေ့ရှိခဲ့ရပြီး မေးမြန်းရာ ၎င်းသည် ကို---- (၃၈နှစ်) အား ဓားဖြင့်ခုတ်ခဲ့ပြီးနောက် ရွာအပြင်ဘက်သို့ ထွက်ပြေးခဲ့ကြောင်း၊ ထွက်ပြေးစဉ် ရွာအပြင်ဘက်ကွင်းရှိ လယ်ကန်သင်းပေါ်၌ လမ်းလျှောက်လာသည့် တစ်ရွာတည်းနေ ဒေါ်----(၄၀နှစ်) အား ထပ်မံ၍ဓားဖြင့်ခုတ်ခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းသို့ပြောဆိုသဖြင့် ရွာအပြင်ဘက်သို့ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့ရာ ရွာအပြင် လယ်ကန်သင်းဘေးတွင် ဒေါ်--- (၄၀နှစ်) မှာ ဦးခေါင်းဝဲချိုစောင်းပြတ်ရှ ဒဏ်ရာတစ်ချက်၊ ဝဲနားရွက်ပြတ်ရှ ဒဏ်ရာတစ်ချက်၊ ကုပ်ပိုးပြတ်ရှ ဒဏ်ရာတစ်ချက်တို့ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထိုသို့ ဓားဖြင့်လိုက်လံခုတ်ခဲ့သည့် တင်မျိုးအောင်မှာ ပြီးခဲ့သည့် တစ်ပတ်ခန့်မှစပြီး အစာမစားဘဲ စိတ်ဖောက်ပြန်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

“သူက တစ်ပတ်ရှစ်ရက်လောက် မအိပ်မစားဘဲနေခဲ့တော့ စိတ်ကယောင်ခြောက်ခြားဖြစ်နေတဲ့ သဘောပါ။ အရင်တုန်းကလည်း တစ်ခါဖြစ်ဖူးပါတယ်။ ဆေးရုံတွေဘာတွေ တက်ဖြစ်တဲ့အဆင့်တော့ မရောက်ပါဘူး။ အရင်ကဖြစ်တဲ့အချိန်ကလည်း ရွာဘက်က ဆေးမြီးတိုသဘောပေါ့။ အဲဒီလို ဆေးမျိုးတွေသောက်ပြီး ပျောက်တာပါ။ အခုက ဒုတိယအကြိမ်ပြန်ဖြစ်တယ်လို့ သိရတယ်။ အမြဲတမ်း စိတ်ဖောက်ပြန်နေတာတော့ မဟုတ်ပါဘူး။ အအိပ်အစားပျက်တာများလို့ ဖြစ်တတ်တဲ့သဘောပါ။ သူက အရက်သေစာလည်း မသောက်စားတတ်ဘူးလို့ သိရတယ်။ အခုစခန်းမှာ ထိန်းသိမ်းထားပါတယ်။ ဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ဥက္ကံနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား ဥက္ကံနယ်မြေရဲစခန်း မှ (ပ)၁၁၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့်အမှုဖွင့်ထားပြီး ကျူးလွန်သူအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Writer - သန့်ဇင်ကျော်