လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တွင် နှစ်ပတ်ကျော်အတွင်း ရဲအက်ဖြင့် အမှု ၆၀ အရေးယူခဲ့

လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တွင် နှစ်ပတ်ကျော်အတွင်း ရဲအက်ဖြင့် အမှု ၆၀ အရေးယူခဲ့
Published 17 December 2017

လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် နှစ်ပတ်အတွင်း ရဲအက်ဥပဒေဖြင့် အမှု ၆၀ အရေးယူဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

ထိုမြို့နယ်နှစ်ခုတွင် လူဆိုးလူမိုက်များ၊ ဆိုးသွမ်းရမ်းကားသူများ၊ ဒုစရိုက်မှုကျုးလွန်သူများ၊ ခိုး၊ ဆိုး၊ လု၊ နှိုက်များကြောင့် အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူများမှာ စိုးရိမ်ကြောက်ရွံ့နေရကြောင်း သတင်းရသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ စီမံချက်ချဆောင်ရွက်ရာ နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင် ဘာ ၁၅ ရက်အထိ ရဲအက်ဥပဒေဖြင့် အရေးယူမှုမှာ အမှု ၆၀ ရှိခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါမြို့နယ် နှစ်မြို့နယ်အတွင်း ဆိုးသွမ်းရမ်းကားသူများ၊ လူဆိုးလူမိုက်များအား သတင်းရယူပြီး လမ်းများ၌ ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း၊ ပြစ်မှုကျုးလွန်တတ်သူများ နေထိုင်သွားလာတတ်သည့်နေရာများသို့ စီးနင်းဝင်ရောက် ဖမ်းဆီးခြင်း၊ သတင်းကျော်စောရှိသူများအား ပြစ်မှုကျုးလွန်ခြင်းမရှိစေရန် ဖမ်းဆီးအရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါနှစ်ပတ်ကျော်ကာလအတွင်း ခြေချုပ်နှင့် ခံဝန် အက်ဥပဒေအရ ၄၄ မှု၊ လက်နက်များ အက်ဥပဒေအရ ၂၀ မှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ လေးမှု၊ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၅၄ အရ ၅၀၊ စစ်ပြေးခြောက်ဦး၊ တရားခံပြေးငါးဦး၊ ရဲဘက်ပြေးသုံးဦးတို့ အား ဖမ်းဆီးရမိခဲ့ပြီး ပြည့်တန်ဆာအက်ဥပ ဒေအရ လေးမှု၊ ယစ်မျိုးဥပဒေအရ ၁၀ မှုတို့ကိုလည်း ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။