ရွှေပြည်သာမြို့နယ်တွင် အမျိုးသားတစ်ဦးအား နေအိမ်ပေါ်တက်၍ လှံ၊ ဓားများဖြင့် ထိုးသတ်သည့်ဖြစ်စဉ်မှ တစ်ဦး ထပ်မံဖမ်းဆီးရမိ

ရွှေပြည်သာမြို့နယ်တွင် အမျိုးသားတစ်ဦးအား နေအိမ်ပေါ်တက်၍ လှံ၊ ဓားများဖြင့် ထိုးသတ်သည့်ဖြစ်စဉ်မှ တစ်ဦး ထပ်မံဖမ်းဆီးရမိ
Published 17 December 2017

ရွှေပြည်သာမြို့နယ်တွင် အမျိုးသားတစ်ဦးအား နေအိမ်ပေါ်သို့တက်၍ အုပ်စုဖွဲ့ပြီး လှံ၊ ဓားများဖြင့် ထိုးသတ်ခဲ့သည့်ဖြစ်စဉ်မှ တစ်ဦးအား ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

ယင်းအမျိုးသားမှာ မင်းခင် (ခ) သန့်ဇော် (၅၄ နှစ်) ဖြစ်ပြီး ၎င်းအား ဒီဇင်ဘာ ၁၂ ရက်တွင် ရဲတပ်ဖွဲ့က ရှမ်းပြည်နယ် ရွှေညောင်မြို့ မင်္ဂလာရွှေဗဟိုရပ်ကွက်ရှိ ဗန္ဓုလ လမ်းနေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မင်းခင် (ခ)သန့်ဇော် (၅၄ နှစ်) အား စစ်ဆေးရာ အောက်တိုဘာ ၁၀ ရက် ည ၁၁ နာရီခန့်တွင် ထွန်းထွန်းဦး၊ သန်းဇော်၊ ဘိုအောင်တို့နှင့်အတူ ၎င်းငှားရမ်း အသုံးပြုသည့် Crown ယာဉ်ကို မောင်းနှင်ပြီး အခင်းဖြစ်ပွားသည့် ကျော်နိုင်၏ နေအိမ်သို့ သွားရောက်ခဲ့ကြောင်း၊ ထို့ပြင် ဝင်းမောင်၊ တင်မိုးဝင်း၊ ဆွေမင်းဦး၊ အောင်ရဲထွန်းတို့မှာလည်း အငှားယာဉ်တစ်စီးဖြင့် လိုက်ပါလာခဲ့ကြောင်း သိရသည်။

ထို့နောက် ည ၁၂ နာရီခန့်တွင် အခင်း ဖြစ်ပွားသည့် နေအိမ်အနီးတွင် အခြေအနေ အကဲခတ်ကာ အောက်တိုဘာ ၁၁ ရက် နံနက် ၃ နာရီခန့်တွင် အဆိုပါနေအိမ်သို့ ဝင်ရောက်ပြီး ကျော်နိုင်အား လှံ၊ ဓားများဖြင့် ထိုးခုတ် သတ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားချက်အရ သိရသည်။

ကျော်နိုင်အား ဓား၊ လှံဖြင့် နေအိမ်အတွင်းသို့ ဝင်ရောက်ပြီး ထိုးခုတ်ခဲ့သည့် တင်လှပါ ငါးဦးအား အခင်းဖြစ်ပွားပြီး မကြာမီ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီး ဖြစ်စဉ်တွင် မင်းခင်နှင့်အတူ ပါဝင်ခဲ့သည့် ထွန်းထွန်းဦး၊ သန်းဇော်၊ ဘိုအောင်နှင့် အောင်ရဲထွန်းတို့ အား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

“ရွှေပြည်သာမြို့မှာနေတဲ့ အမျိုးသားတစ်ဦးရဲ့နေအိမ်ကို အုပ်စုဖွဲ့ပြီး ဓား၊ လှံနဲ့ ထိုးခုတ်သတ်တဲ့အဖွဲ့က တင်လှပါ ငါးဦးကိုတော့ တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီး အခုကတော့ အဲဒီဖြစ်စဉ်မှာ ပါဝင်ပြီး လွတ်နေတဲ့သူတွေထဲက တစ်ဦးကို ဖမ်းဆီးရမိတာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား ရွှေပြည်သာမြို့မ ရဲစခန်းက (ပ)၂၀၃၁/၂၀၁၇၊ ရာဇသတ် ကြီးပုဒ်မ ၃၀၂/၃၄/ကျင့် ၅၁၂ ဖြင့် အမှုဖွင့် ထားကြောင်း သိရပြိး ကျန်ရှိနေသေးသည့်  တရားခံများကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

Most Read

Most Recent