လှိုင်သာယာမြို့နယ်ရှိ KTV တစ်ခုတွင် အဖွဲ့နှစ်ဖွဲ့ ဝင်တိုက်မိသည့်ကိစ္စ စကားများရန်ဖြစ်ကာ လူသတ်မှုဖြစ်ပွားပြီး အပြန်အလှန်အမှုဖွင့်

လှိုင်သာယာမြို့နယ်ရှိ KTV တစ်ခုတွင် အဖွဲ့နှစ်ဖွဲ့ ဝင်တိုက်မိသည့်ကိစ္စ စကားများရန်ဖြစ်ကာ လူသတ်မှုဖြစ်ပွားပြီး အပြန်အလှန်အမှုဖွင့်
Published 5 August 2017

လှိုင်သာယာမြို့နယ်ရှိ KTV တစ်ခုတွင် အဖွဲ့နှစ်ဖွဲ့ ဝင်တိုက်မိသည့်ကိစ္စဖြင့် စကားများရန်ဖြစ်ကာ လူသတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်အပြန်အလှန် အမှုဖွင့်ထားကြောင်း သြဂုတ် ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

သြဂုတ် ၃ ရက် ည ၁၁ နာရီကျော်ခန့်တွင် လှိုင်သာယာမြို့နယ်နေ သိန်းဝင်း (၃၈ နှစ်) မှာ ၎င်း၏သူငယ်ချင်းများဖြစ်သူ အေးမင်းဖြိုး၊ လမင်း၊ အာနိုးတို့နှင့်အတူ ရန်ကုန်-ညောင်တုန်းလမ်းရှိ KTV တစ်ခုသို့သွား၍ သီချင်းသွားဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် သြဂုတ် ၄ ရက်နံနက် ၂ နာရီခွဲခန့်တွင် အေးမင်းဖြိုး၊ လမင်းနှင့် အာနိုးတို့မှာ အခန်းအပြင်သို့ထွက်သွားခဲ့ပြီး အခန်းအတွင်း၌ သိန်းဝင်းမှာ တစ်ဦးတည်းကျန်နေခဲ့ကြောင်း သိရသည်။

ခဏအကြာတွင် အခန်းအပြင်ဘက်မှ ဆူညံသံများကြားသဖြင့် သိန်းဝင်းမှာ ထွက်ကြည့်စဉ် ၎င်း၏သူငယ်ချင်းဖြစ်သူသုံးဦးနှင့် အခြားလူငါးဦးခန့်ရှိအဖွဲ့မှာ ဝင်တိုက်မိသည့်ကိစ္စဖြင့် စကားများရန်ဖြစ်နေသည်ကို တွေ့ရှိခဲ့ရပြီး လူငါးဦးရှိသည့်အဖွဲ့က ၎င်း၏သူငယ်ချင်းသုံးဦးအား ဘီယာပုလင်းများဖြင့်ရိုက်ကာ ပုလင်းကွဲနှင့်ထိုးပြီး ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ထိုးသဖြင့် အာနိုးမှာလည်ပင်းရှေ့ ထိုးသွင်းဒဏ်ရာတစ်ချက်၊ လည်ပင်းဘေး ထိုးသွင်းဒဏ်ရာနှစ်ချက်ရရှိခဲ့ပြီး အင်းစိန်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုသို့သေဆုံးသွားသဖြင့် သိန်းဝင်းမှာ တရားလိုပြုလုပ်ပြီး လှိုင်သာယာမြို့မရဲစခန်းသို့ သွားရောက်တိုင်ကြားသဖြင့် သက်ဆိုင်ရာရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂/၁၁၄ ဖြင့်အမှုဖွင့်ထားခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာရဲစခန်းမှ ဘီယာပုလင်းများဖြင့် ရိုက်နှက်ထိုးသွားသည်ဟုဆိုသည့် ငါးဦးအား ဖမ်းဆီးစစ်ဆေးရာ ၎င်းတို့ငါးဦးမှာ လှိုင်သာယာမြို့နယ်နေ ရဲရင့်ကျော်၊ သက်မင်းကို၊ အောင်ရဲသွေး၊ ကျော်သက်နှင့် ရဲဝေစိုးတို့ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူငါးဦးအား သက်ဆိုင်ရာမှ စစ်ဆေးရာ ၎င်းတို့မှာ အဆိုပါ KTV တွင်စားသောက်ပြီး ကျသင့်ငွေရှင်းရန် အခန်းထဲမှထွက်လာစဉ် သိန်းဝင်းနှင့်အဖွဲ့အား ဝင်တိုက်မိရာမှ စကားများရန်ဖြစ်ခဲ့ကြကြောင်း၊ ယင်းသို့စကားများရန်ဖြစ်စဉ် သိန်းဝင်းနှင့်အဖွဲ့က ၎င်းတို့ငါးဦးအား ပုလင်းဖြင့်ရိုက်၊ ပုလင်းကွဲဖြင့်ထိုး၊ သံတုတ်ဖြင့်ရိုက်၊ ဓားဖြင့်ခုတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ ထိုသို့ပြုလုပ်သဖြင့် သက်မင်းကိုတွင် ဦးခေါင်းနာကျင်၊ ဝဲလက်မောင်းပွန်း၊ ဝဲလက်ခုံယာ လက်မ/လက်ခလယ်ပြတ်ရှ၊ ယာဒူး/ကျောကုန်း နာကျင်ဒဏ်ရာ၊ ကျော်သက်တွင် ဝဲလက်မောင်းထိုးသွင်းဒဏ်ရာ၊ ရဲဝေစိုးတွင် ယာမျက်ခုံးပေါက်ပြဲဒဏ်ရာ၊ အောင်ရဲသွေးတွင် ဦးခေါင်းဝဲချိုစောင်း၊ ဝဲနားထင် ပေါက်ပြဲဒဏ်ရာ၊ ရဲရင့်ကျော်တွင် ဦးခေါင်းဝဲ/ယာ၊ နားရွက်၊ ဝဲလက်ဖျံ၊ ဝဲခြေဖဝါးပေါ်တွင် ပေါက်ပြဲသွေးထွက်ဒဏ်ရာများ ရရှိခဲ့သဖြင့် မြောက်ဥက္ကလာပဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

ယင်းသို့ခံယူသဖြင့် သိန်းဝင်းနှင့် သူငယ်ချင်းများအပါအဝင် KTV မှဝန်ထမ်းအချို့အား အမှုပြန်လည်ဖွင့်ထားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သက်ဆိုင်ရာရဲစခန်းက သိန်းဝင်းနှင့် လမင်းအား ဖမ်းဆီးစစ်ဆေးနေပြီး အေးမင်းဖြိုးနှင့် KTV မှဝန်ထမ်းအချို့အား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။