ဖြိုးကိုကိုတင့်ဆန်း အပါအဝင် လေးဦးကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် သာကေတနယ်မြေ ရဲစခန်းက ထပ်မံအမှုဖွင့်

ဖြိုးကိုကိုတင့်ဆန်း အပါအဝင် လေးဦးကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် သာကေတနယ်မြေ ရဲစခန်းက ထပ်မံအမှုဖွင့်
Published 30 November 2017

ဖြိုးကိုကိုတင့်ဆန်းအပါအဝင် လေးဦးအား မြန်မာနိုင်ငံလျှို့ဝှက်ချက်များအက်ဥပဒေဖြင့် သာကေတနယ်မြေရဲစခန်းက နိုဝင်ဘာ ၂၆ ရက်က ထပ်မံအမှုဖွင့်ခဲ့ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

၁၉၃၂ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ၆ (၁) (က) (င) (နိုင်ငံ လုံခြုံရေးထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့်  တပ်မတော်/ရဲတပ်ဖွဲ့/အခြားဝန်ထမ်း ဝတ်စုံကို ထင်ယောင်ထင်မှားဖြစ်စေရန် ဝတ်ဆင်မှု၊ အစိုးရဌာန/တပ်မတော်အာဏာပိုင် ပြုလုပ်စီမံထားသည့် တံဆိပ်တုံးနှင့် တံဆိပ်ကို အတုပြုလုပ်လက်ဝယ်ထားရှိမှု) တို့ဖြင့် ACE ကုမ္ပဏီပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း၊ ကုမ္ပဏီမှ  မန်နေဂျာ ဖြိုးဗိုလ်ဗိုလ်၊ ဟိုတယ် ACE ဝိတ်တာ ချမ်းငြိမ်းမောင်၊ ဟိုတယ်မှ ရေလိုင်းမီးလိုင်းတာဝန်ခံ စိုးမြင့်ကျော် စသည့်လေးဦး အား ရန်ကုန်အရှေ့ပိုင်းခရိုင် ဒုခရိုင်မှူးဖြစ်သူ က တရားလိုပြုလုပ်၍ သာကေတနယ်မြေရဲစ ခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၅ ရက်က နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်းအပါအဝင် အမျိုးသားသုံးဦးထံမှ လက်နက်နှင့် မူးယစ်ဆေးဝါးများ တွေ့ရှိပြီးနောက် ဒက္ခိဏသိရီမြို့နယ်ရှိ ဟိုတယ် ACE အား ဝင်ရောက်စစ်ဆေးရာ လက်နက်များနှင့် တရားမဝင်ဆက်သွယ်ရေးစက်များ၊ National Security Council စာတန်းပါ စတေကာများ တပ်ဆင်ထားသည့်ယာဉ်များနှင့် တံဆိပ်ပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ အောက်တိုဘာ ၁၆ ရက်က ဖြိုးကိုကိုတင့်ဆန်းပိုင်ဆိုင်သည့် ရန်ကုန်တိုင်း သာကေတမြို့နယ်ရှိ ACE Group of Companies အား ထပ်မံဝင်ရောက် စစ်ဆေးရာနှင့် NSC စာတန်းပါ ကျည်ကာအင်္ကျီများ၊ ပြောက်ကျားကျည်ကာအင်္ကျီများ နှင့် ကျည်ဘောက်အိတ်များ၊ မူးယစ်ဆေးဝါး နှင့် မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့်ပစ္စည်းများကို ထပ်မံသိမ်းဆည်းခဲ့ကြောင်း သိရသည်။

နေပြည်တော် ဒက္ခိဏသိရီ မြို့မရဲစခန်း နှင့် အေလာနယ်မြေရဲစခန်း၊ ရန်ကုန်တိုင်းရှိ ဗဟန်းမြို့မရဲစခန်းနှင့် သာကေတနယ်မြေ ရဲစခန်းတို့တွင် မူးယစ်မှု၊ လက်နက်နှင့် ပို့ကုန်/ သွင်းကုန်မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း သိရ သည်။

ထို့ပြင် ဖြိုးကိုကိုတင့်ဆန်းအား မြန်မာ နိုင်ငံ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေဖြင့် ဒက္ခိဏသိရီမြို့မရဲစခန်းနှင့် အေလာနယ် မြေရဲစခန်းမှ နိုဝင်ဘာ ၂၅ ရက်၌ ထပ်မံအမှု ဖွင့်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ် ပြန်ထားသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်နက်နှင့် မူးယစ်ဆေးဝါးများ  တွေ့ရှိမှုဖြင့် ဖြိုးကိုကိုတင့်ဆန်းအပါအဝင် ၁၅ ဦးတို့ကို မူးယစ်ဆေးဝါနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၆ (ဂ)/၂၂ (ခ) ၂၁ အရ အရေးယူ မှုနှစ်မှု၊ ၁၅/၁၆ (ဂ) အရ အရေးယူမှုတစ်မှု၊ ၁၆ (ဂ)/၂၂ (ခ) အရ အရေးယူမှုတစ်မှု စုစုပေါင်းလေးမှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အရ အရေးယူမှုလေးမှု၊ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ (၈) အရ အရေးယူမှုသုံးမှု မြန်မာနိုင်ငံတော်အစိုးရ  လျှို့ဝှက်ချက်များအက်ဥပ ဒေပုဒ်မ ၆ (၁) (က) (င) အရ အရေးယူသုံးမှု၊ လက်နက် (ယာယီပြင်ဆင် ) ချက် အက်ဥပဒေ ပုဒ်မ ၁၉ (က) အရ  အရေးယူမှုတစ်မှု၊ လက် နက်ဥပဒေပုဒ်မ ၁၉ (စ) အရ အရေးယူမှုတစ်မှု စုစုပေါင်းနှစ်မှု၊ ရာဇသတ်ကြီးပုဒ်မ ၄၈၄ အရ အရေးယူမှုတစ်မှု စုစုပေါင်း ၁၇ မှုတို့ဖြင့် အရေးယူထားကြောင်း သိရသည်။