အမြန်လမ်းမကြီး ၃၄၇ မိုင် အနီးတွင် တစ်ဦးတည်း မောင်းနှင်လာသော HILUX VIGO ယာဉ်တစ်စီး ပက်လက်လန် တိမ်းမှောက်မှု ဖြစ်ပွား

အမြန်လမ်းမကြီး ၃၄၇ မိုင် အနီးတွင် တစ်ဦးတည်း မောင်းနှင်လာသော HILUX VIGO ယာဉ်တစ်စီး ပက်လက်လန် တိမ်းမှောက်မှု ဖြစ်ပွား
Published 27 November 2017

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၃၄၇ မိုင် အနီးတွင် နိုဝင်ဘာ ၂၇ ရက် နံနက်အစောပိုင်းက နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ တစ်ဦးတည်း မောင်းနှင်လာသော HILUX VIGO ယာဉ်တစ်စီး ပက်လက်လန်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း စကားအင်းအမြန်လမ်းမကြီး ရဲစခန်းမှ သိရသည်။

“အိပ်ငိုက်ပြီးတော့ မှောက်သွားတယ်၊ အိပ်ငိုက်ပြီးတော့ လမ်းဘေးက Guardrail တန်း ပေါ့ဝင်တိုက်မိပြီးတော့ ကားက ပက်လက်လန်ပြီး မှောက်သွားတာပေါ့၊ ဒဏ်ရာတော့ မရပါဘူး၊ ပုဒ် ၂၇၉ နဲ့ အရေးယူထားပါတယ်”  ဟု စကားအင်း အမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ်သိန်းဗိုလ်က ပြောကြားသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၇ ရက် နံနက် ၃ နာရီ ၂၀ မိနစ်ခန့်က တံတားဦးမြို့နယ် စကားအင်းအမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဖြိုးသူကျော် ၃၄ နှစ်(ဘ)ဦးကြည်လင်း ကြံ့ခိုင်ရပ်ကွက်၊ ဝက်လက်မြို့နေသူတစ်ဦးတည်းမောင်းနှင်လာသော ယာဉ်အမှတ် 6L/2667 HILUX VIGO အဖြူရောင်မော်တော်ယာဉ်မှာ လမ်းမကြီး မိုင်တိုင်အမှတ် ၃၄၇ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံအကြားသို့ အရောက်တွင် အိပ်ငိုက်ပြီး မောင်းနှင်ရာမှ အရှိန်မထိန်းနိုင်ပဲ လမ်းမယာဘက်ဘေး ကာရံထားသော အလူမီနီယံတန်းအား ဝင်ရောက်တိုက်မိပြီး ပက်လက်လန်တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။

ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းအရ စကားအင်းအမြန်လမ်းရဲစခန်းမှူးနှင့်အဖွဲ့၊အမြန်လမ်းမီးသတ်တပ်ဖွဲ့၊အမြန်လမ်းအရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တို့မှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိပဲ၊HILUX VIGO ယာဉ်မှာ ရှေ့လေကာ မှန်ကွဲ၊ ဝဲ/ယာ ရှေ့မီးကွဲ၊ ရှေ့ခေါင်းပိုင်း ၊ အမိုးနှင့် ဘောနတ်ဖုံးများ ပိန်ချိုင့်ပျက်စီးသွားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါယာဉ်မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်အားမဆင်မခြင် ပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်းဖြိုးသူကျော်အပေါ် ဥပဒေအရ အရေးယူပေးရန် ဒုရဲအုပ်ဆန်းယုမှ တရားလိုလုပ် အမှုဖွင့် တိုင်တန်းခဲ့သောကြောင့် စကားအင်း အမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၃၇/၂၀၁၇၊ပြစ်မှုပုဒ်မ ၂၇၉ အရအမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလျှက်ရှိရာ၊ ယခုနှစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလကုန်အထိ ၁၀ လအတွင်း ယာဉ်မတော်တဆမှုပေါင်း ၄၆၅ ကြိမ်အထိဖြစ်ပွား၍ သေဆုံးသူ ၉၉ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇၄၂ ဦးရှိခဲ့ကြောင်း နေပြည်တော်အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

Most Read

Most Recent