နိုင်ငံစီးပွားရေး ကျပ်တည်းမှုနှင့် ပတ်သက်၍ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် လက်ရှိအခြေအနေကို ညည်းမနေဘဲ အဆင်ပြေအောင်နေနိုင်ရန် လိုအပ်ကြောင်း ဒေါက်တာအောင်ထွန်းသက် ပြောကြား

နိုင်ငံစီးပွားရေး ကျပ်တည်းမှုနှင့် ပတ်သက်၍ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် လက်ရှိအခြေအနေကို ညည်းမနေဘဲ အဆင်ပြေအောင်နေနိုင်ရန် လိုအပ်ကြောင်း ဒေါက်တာအောင်ထွန်းသက် ပြောကြား
Published 23 July 2018

နိုင်ငံစီးပွားရေး ကျပ်တည်းမှုနှင့် ပတ်သက်၍ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်   လက်ရှိအခြေအနေကို ညည်းမနေဘဲ အဆင်ပြေအောင်နေနိုင်ရန် လိုအပ်ကြောင်း ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ဆိုသည်။

အဆိုပါကိစ္စအား အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်သည့် PPP အစီအစဉ်မှ တစ်ဆင့် ငြိမ်းချမ်းရေးကို မြှင့်တင်သော စီးပွားရေး အလုပ်ရုံ ဆွေးနွေးပွဲ၌ မီဒီယာများက လက်ရှိနိုင်ငံ၏ စီးပွားရေး ကျပ်တည်းမှုအပေါ် သုံးသပ်ပေးရန် မေးမြန်းမှုနှင့် ပတ်သက်၍ ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။

“စီးပွားရေး လုပ်ငန်းရှင်ဆိုတာ ရှိတဲ့အခြေအနေကို အဆင်ပြေအောင် နေတတ်ဖို့လိုတယ်။ ညည်းနေလို့ပြီးမှာ မဟုတ်ဘူး။ ပြောနေတာတွေရှိတယ်။ ကျပ်တည်းတာတို့ ကျပ်တည်းတာ သူများကျပ်တည်းတာ အရေးမကြီး ကိုယ်မကျပ်တည်းဖို့လိုတယ်။ ဆရာတို့ ကုမ္ပဏီတစ်ခုချင်းပဲ အားပေးချင်တယ်။ လုပ်ငန်းတစ်ခုပဲ အားပေးချင်တယ်။ မက်ကရိုအနေနဲ့ ပြောရင်တော့ ဟုတ်တာပေါ့။ တစ်နိုင်ငံလုံး စီးပွားရေးကျတာ။ သူများစီးပွားရေးကျတဲ့ အခါမှာ ကိုယ့်ကုမ္ပဏီ စီးပွားရေးမကျအောင် လုပ်လို့ရတာပဲ။ ဆရာကတော့ ယုံကြည်တာ တစ်ယောက်ချင်း၊ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းလုပ်မှ ရမယ်လို့ ယုံကြည်တယ်။ တစ်နိုင်ငံလုံးပြင်ဖို့ ဆိုတာကတော့ တစ်ပိုင်းပေါ့။ ပြင်နိုင်တာက တစ်ယောက်ချင်း၊ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၊ တစ်ကုမ္ပဏီ ပြင်ဖို့လိုပါတယ်” ဟု ဒေါက်တာ အောင်ထွန်းသက်က ပြောကြားသည်။

လက်ရှိနိုင်ငံ၏ စီးပွားရေး အခြေအနေ မကောင်းသည်ကို နိုင်ငံတော်အစိုးရ သတိပြုမိနိုင်ရန် ဟိုတယ်သုံးလုံး ပိတ်ပစ်ခြင်းဖြစ်ပြီး တိုင်းပြည်စီးပွားရေး ကျပ်တည်းလာသဖြင့် လုပ်ငန်းရှင်များ လုပ်ကိုင်၍ မကောင်းကြောင်းကို ဟိုတယ်လုပ်ငန်းရှင် ဦးဌေးအောင်က ၎င်း၏ ဟိုတယ်သုံးလုံး အပြီးပိတ်သိမ်းမည် ဖြစ်ကြောင်းနှင့် ပတ်သက်၍ ဇူလိုင် ၁၇ ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထို့ပြင် မြန်မာ့လေကြောင်းလိုင်း ကဏ္ဍတွင် စီးပွားရေးစိန်ခေါ်မှုများစွာ ရှိနေပြီး အဖန်ဖန် ဆင်ခြင်သုံးသပ်မှုများ ပြုလုပ်ပြီးနောက် FMI လေကြောင်းလိုင်း၏ အကျိုးစီးပွားကို ရှေးရှု၍ လုပ်ငန်းလည်ပတ်မှုများကို ခေတ္တရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဇူလိုင် ၂၀ က FMI ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။