၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇွန် ၂၉ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ခြောက်သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာ ၂၁၉ သန်းကျော်ရရှိ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇွန် ၂၉ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ခြောက်သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး ဒေါ်လာ ၂၁၉ သန်းကျော်ရရှိ
Published 11 July 2018

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇွန် ၂၉ ရက်အထိ ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှု တန်ချိန် ၆ ဒသမ ၃ သိန်းကျော် (၆၃၈၄၆၈ ဒသမ ၈၆ တန်) ရှိပြီး တန်ဖိုးဒေါ်လာ ၂၁၉ သန်းကျော် (၂၁၉ ဒသမ ၅၂၁ သန်း) ရရှိခဲ့ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် တစ်လကျော် ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂၉၅၆၀၅ ကျော်၊ နယ်စပ်ကုန်သွယ်မှုမှ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၃၄၂၈၆၂ ကျော် တင်ပို့ခဲ့ခြင်းဖြစ်သည်။

ဘဏ္ဍာနှစ်အလိုက် ဆန်နှင့် ဆန်ကွဲတင်ပို့မှု အခြေအနေမှာ ၂၀၁၂-၂၀၁၃ တွင် တန်ချိန် ၁ ဒသမ ၄၂၃ သန်း (ဒေါ်လာ ၅၅၁ သန်း)၊ ၂၀၁၃-၂၀၁၄ တွင် တန်ချိန် ၁ ဒသ မ ၂၆၂ သန်း (ဒေါ်လာ ၄၇၅ သန်း)၊ ၂၀၁၄-၂၀၁၅ တွင် တန်ချိန် ၁ ဒသမ ၈၄၀ သန်း (ဒေါ်လာ ၆၆၀ သန်း)၊ ၂၀၁၅-၂၀၁၆ တွင် တန်ချိန် ၁ ဒသမ ၄၉၃ သန်း (ဒေါ်လာ ၅၂၆ သန်း)၊ ၂၀၁၆-၂၀၁၇ တွင် တန်ချိန် ၁ ဒသမ ၇၅၀ သန်း (ဒေါ်လာ ၅၅၃ သန်း)၊ ၂၀၁၇- ၂၀၁၈ တွင် တန်ချိန် ၃ ဒသမ ၅၇၆ သန်း (ဒေါ်လာ ၁၁၃၆ သန်းကျော်)ဖြစ်ပြီး လက်ရှိ ဘဏ္ဍာနှစ် ဇွန်လပတ်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ခြောက်သိန်းကျော် တင်ပို့မှုမှ ဒေါ်လာ ၂၁၉ သန်းကျော် ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာ့ဆန် ပြည်ပတင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှ တင်ပို့မှုထက် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တင်ပို့မှု ပိုမိုများပြားနေဆဲဖြစ်ပြီး အထက်ပါ ဘဏ္ဍာနှစ်များအလိုက် တင်ပို့မှုများအတွင် နယ်စပ်စခန်းများမှ တင်ပို့သော ရာခိုင်နှုန်းများမှာ ၂၀၁၂-၂၀၁၃ တွင် ရာခိုင်နှုန်း ၆၀၊ ၂၀၁၃-၂၀၁၄ တွင် ၇၂ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ တွင် ၇၇ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆ တွင် ၈၁ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ တွင် ၇၂ ရာခိုင်နှုန်း ရှိခဲ့ကာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၅၂ ရာ ခိုင်နှုန်းခန့် ရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ခြင်းကြောင့် ပြည်ပသို့ မြန်မာ့ဆန် တန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုတွင် ယခင်နှစ်များက နယ်စပ်ကုန်သွယ်မှုမှ ဆန်တင်ပို့မှုမှာ စုစုပေါင်းတင်ပို့မှု၏ ရာခိုင်နှုန်း ၇၀ ကျော်အထိ များပြားခဲ့ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာ ရာခိုင်နှုန်း ၃၀ ခန့်သာ တင်ပို့နိုင်ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပဈေးကွက်သစ်များ တိုးချဲ့ရရှိမှုတို့ကြောင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်တင်ပို့မှုမှာ ယခင်နှစ်များထက် မြင့်တက်လာပြီး စုစုပေါင်း ဆန်တင်ပို့မှု၏ ၄၈ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။

မြန်မာ့ဆန်စပါး ကဏ္ဍအတွက် ဦးစားပေး ဆောင်ရွက်မည့် ရည်မှန်းချက်အရ လာမည့် သုံးနှစ်အတွင်း ဆန်တန်ချိန် လေးသန်းအထိ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရန် ရည်မှန်းထားပြီး ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံအထိ ရရှိနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ ပိုမိုတင်ပို့နိုင်ရန်အတွက် နိုင်ငံတကာ ဈေးကွက်များကို ပိုမိုရှာဖွေခဲ့ရာ ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံပေါင်း ၉၀ အထိ တိုးချဲ့တင်ပို့နိုင်ခဲ့ကာ ယခင်ဘဏ္ဍာနှစ်များထက် နိုင်ငံပေါင်း ၃၀ ခန့် တိုးချဲ့တင်ပို့နိုင်ခဲ့သည်။ လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သုံးလနီးပါး ကာလအတွင်း နိုင်ငံပေါင်း ၅၂ နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။