သြင်္ကန်အပြီးကာလ မြန်မာပဲပုပ် တရုတ်ဘက်မှ အဝယ်များသည့်အတွက် သုံးတင်းဝင် တစ်အိတ်လျှင် ကျပ်တစ်သောင်းခွဲအထိ မြင့်တက်လာ

သြင်္ကန်အပြီးကာလ မြန်မာပဲပုပ် တရုတ်ဘက်မှ အဝယ်များသည့်အတွက် သုံးတင်းဝင် တစ်အိတ်လျှင် ကျပ်တစ်သောင်းခွဲအထိ မြင့်တက်လာ
Published 1 May 2018

မန္တလေးမြို့ရှိ ပွဲရုံတစ်ရုံကို တွေ့ရစဉ်

မန္တလေး ကုန်စည်ဒိုင်ဈေးကွက်တွင် သြင်္ကန်မတိုင်ခင်က မြန်မာပဲပုပ်ဈေးလှောင် လက်သမား အဝယ်သာရှိ၍ ဈေးနှုန်းအေးနေပြီး သြင်္ကန်အပြီး ဧပြီလဆန်းမှစ၍ တရုတ်ဘက်မှ အဝယ်များသောကြောင့် ဈေးနှုန်းတရိပ်ရိပ် တက်လာခဲ့ရာ မြန်မာပဲပုပ်ဈေးသည် သုံးတင်းဝင် တစ်အိတ်လျှင် ဈေးနှုန်း ယနေ့အချိန်ထိ ကျပ်တစ်သောင်းခွဲအထိ မြင့်တက်လာခဲ့သည်ဟု မန္တလေး ပဲကုန်သည်များထံက သိရသည်။

လွန်ခဲ့သော သုံးနှစ်လောက်က မြန်မာပဲပုပ်ဈေးသည် ပေါ်ပေါ်ချင်းဈေးက လေးသောင်းခွဲရှိပြီး သြင်္ကန်ပြီးနောက်ပိုင်းတွင် ပဲပုပ်ဈေးသည် ငါးသောင်းအထိ ဈေးရှိခဲ့ကာ ယခုနစ် ပဲပုပ်ဈေးသည် မတ်လနောက်ဆုံး ဧပြီလဆန်းလောက်အထိ ကျပ်ခြောက်သောင်းခွဲအထိ ဈေးရှိခဲ့ကြောင်း၊ သြင်္ကန်အပြီး ဧပြီ ၁၈ ရက် မန္တလေး ကုန်စည်ဒိုင်ဈေးဖွင့်ခဲ့သည့် ရက်ပိုင်းကစပြီး တရိပ်ရိပ်တက်ခဲ့ရာ ခုနစ်သောင်းမှ ယနေ့ရှစ်သောင်းအထိ မြန်မာပဲပုပ်ဈေး မြင့်တက်ခဲ့ကြောင်း စိုးဝင်းမြင့်ပွဲရုံမှ ဦးစိုးဝင်းမြင့်က ပြောကြားသည်။

“မြန်မာပဲပုပ်ကို မန္တလေးဈေးကွက်မှာ လှောင်လက်များနဲ့ တရုတ်ပြည်ဝယ်လက်များကြောင့် ပဲပုပ်ဈေးက ရှစ်သောင်းအထိ မြင့်တက်လာနေပြီး လက်ရှိအတိုင်းသာ ဝယ်နေ ယူနေပါက ဈေးနှုန်းမကျဘဲ မြင့်တက်လာနိုင်တယ်။ ရှမ်းပဲပုပ်ထွက်မယ့် စက်တင်ဘာ၊ သြဂုတ်လ မတိုင်ခင်အထိ သေချာပေါက် ဈေးမြင့်တက်လာစရာ အကြောင်းတွေရှိတယ်။ တရုတ်ဘက်ကသွင်းသည့် သံမဏိကို အမေရိကန်က အခွန်တိုးကောက်ပြီး အမေရိကန်ဘက်သွင်းတဲ့ စိုက်ပျိုးပစ္စည်းတွေကို တရုတ်က အခွန်တိုးကောက်တယ်။ ဒါကြောင့် တရုတ်ပြည်ဘက်ကို ဈေးနှုန်းသက်သာသောကြောင့် မြန်မာပဲပုပ်ကို ဝယ်ယူနေသည့် အချက်လည်း ဖြစ်သည်” ဟု ဦးစိုးဝင်းမြင့်က ပြောကြားသည်။

မြန်မာပဲပုပ်ကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်နှင့် မကွေးတိုင်းတို့တွင် အဓိကထား စိုက်ပျိုးကြသည်။ ဆောင်းရာသီနှံအဖြစ် သီတင်းကျွတ် တန်ဆောင်မုန်းတို့တွင် စိုက်ပျိုးပြီး တပို့တွဲ တပေါင်းတို့တွင် မြန်မာပဲပုပ် ပေါ်ထွက်ချိန်ဖြစ်သည့် ယခင် မြန်မာပဲပုပ်ကို သာမန်အစဉ်လာ သဘောမျိုး ဈေးနှုန်းမတက်၍ စိုက်ပျိုးခဲ့ရာ ယခုပြည်ပဝယ်ယူမှု မြင့်တက်လာလျှင် နောင်လာမည့်နှစ်များတွင် မြန်မာပဲပုပ်စိုက်ပျိုးမှုများ မြင့်တက်လာနိုင်ကြောင်း သိရသည်။