ပဲစင်းငုံနှင့် အခြားသီးနှံများ ဈေးနိမ့်သွားသောကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ဖရဲနှင့်သခွား တိုးချဲ့စိုက်ပျိုးမှု များပြား

ပဲစင်းငုံနှင့် အခြားသီးနှံများ ဈေးနိမ့်သွားသောကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ဖရဲနှင့်သခွား တိုးချဲ့စိုက်ပျိုးမှု များပြား
Published 29 September 2017

ချောင်းဦးမြို့နယ်အတွင်းမှ ဖရဲနှင့် သခွား စိုက်ခင်းများအား တွေ့ရစဉ် (ဓာတ်ပုံ-ကောင်းခန့်လင်း)

စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်အချို့တွင် ပဲစင်းငုံနှင့် အခြားသီးနှံများ ဈေးကွက်နိမ့်ကျသွားသောကြောင့် ဖရဲနှင့် သခွားများ ယခင်နှစ်ကထက် စိုက်ခင်းဧက တိုးချဲ့စိုက်ပျိုးမှု များပြားလာကြောင်း ဖရဲနှင့်သခွားစိုက် တောင်သူများထံမှ သိရသည်။

ပဲစင်းငုံနှင့် အခြားသီးနှံများမှာ ဈေးကွက်နိမ့်ကျခဲ့ပြီး သခွားနှင့် ဖရဲဈေးကွက်နှင့် နှိုင်းယှဉ်ပါက သခွားနှင့် ဖရဲသီးဈေးကွက်မှာ ဈေးကောင်းနေသောကြောင့် တောင်သူများကလည်း အခြားသီးနှံများအစား သခွားနှင့် ဖရဲစိုက်ခင်းများကိုသာ အဓိကထား စိုက်ပျိုးလုပ်ကိုင်လာနေကြကြောင်း သိရသည်။

“မနှစ်က သခွားနဲ့ ဖရဲစိုက်ဧကတွေ နည်းတယ်။ ဒီနှစ်တော့ ဖရဲနဲ့သခွား စိုက်ခင်းဧကတွေ တိုးချဲ့စိုက်လာကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ အခြားသီးနှံတွေက ဈေးမကောင်းတာရယ်၊ ဈေးကွက်နိမ့်တာရယ်ကြောင့် တောင်သူတွေက အခြားသီးနှံတွေအစား ဒီဖရဲနဲ့ သခွားကိုပဲ ဧက ပိုတိုးချဲ့ပြီး စိုက်လာကြတယ်။ အခုဆိုရင် ပြည်ပကနေ တရားမဝင်လား တရားဝင်လားတော့ မသိဘူး။ သေချာတာ တစ်ခုကတော့ ပြည်ပပွဲစားတွေ ကိုယ်တိုင်က ကျွန်တော်တို့ရဲ့ ပြည်တွင်းမှာ ဖရဲနဲ့ သခွားစိုက်ပျိုးလာသူတွေ များလာတယ်။ ဒါတွေကိုလည်း နိုင်ငံတော်က ထိန်းချုပ်ဖို့ လိုတယ်။ မထိန်းချုပ်နိုင်ရင်တော့ ကျွန်တော်တို့ ပြည်တွင်းမှာ ဖရဲနဲ့ သခွား စိုက်ကြတဲ့ တောင်သူတွေ အများကြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီးဆုံးရှုံး နစ်နာလာမှာပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဖရဲနှင့် သခွားအစုအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်အချို့ရှိ တောင်သူအချို့မှာလည်း ယခင်နှစ်က ဖရဲနှင့် သခွားစိုက်ခင်း ဧက ၃၀ စိုက်ပျိုးခဲ့ရာ ယခုနှစ်တွင် ဖရဲနှင့် သခွားစိုက်ခင်း ဧက ၅၀ အထိ တိုးချဲ့စိုက်ပျိုးလာကြကြောင်း၊ ဖရဲနှင့် သခွားစိုက်ခင်း တစ်ဧက၏ ကုန်ကျစရိတ်မှာလည်း ကျပ်သိန်း ၂၀ မှ ကျပ် ၂၅ သိန်းအထိ ကုန်ခဲ့ပြီး အဆိုပါဖရဲနှင့် သခွားသီးကို မြန်မာနိုင်ငံနှင့် ထိစပ်နေသော တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့ရောင်းချနေကြောင်း သိရသည်။

“ဖရဲနဲ့သခွား စိုက်ကြတဲ့ တောင်သူတွေကို မြန်မာနိုင်ငံ စိုက်ပျိုးဌာနကလည်း ထောက်ပံ့တာ မရှိဘူး။ အစိုးရ အနေနဲ့ကလည်း ထောက်ပံ့တာတော့ မရှိသေးဘူးပေါ့ဗျာ။ အခြားပဲမျိုးစုံ စိုက်တာနဲ့စာရင် ဒီဖရဲနဲ့ သခွား စိုက်ရတာ ပိုပြီး ဝင်ငွေတောင်းတဲ့အတွက် ကျွန်တော်တို့က စိုက်ရတာပါ။ ကျွန်တော်တို့ ဖရဲသခွားစိုက်တဲ့တောင်သူ ၁၀၀ မှာ ၁၀၀ လုံး အဆင်ပြေပြီးတော့ အမြတ်ငွေရတဲ့ တောင်သူ မရှိဘူးဗျာ။ တရုတ်ဝယ်လက်ကိုပဲ အားထားရောင်းနေရတဲ့ အချိန်မှာ ဖရဲနဲ့ သခွားဈေးနှုန်းကလည်း ဈေးအတက်အကျ ပြောင်းလဲမှုက မြန်တယ်။ အဲဒီအချိန်မှာ တောင်သူတွေရဲ့ ဆုံးရှုံးနစ်နာမှုကလည်း များလာတယ်” ဟု မြောင်မြို့နယ် မကျည်းဘုတ်ကျေးရွာမှ ဖရဲနှင့် သခွားစိုက် တောင်သူ ကိုမြင့်ဇော်ဦးက ပြောကြားသည်။

ပဲစင်းငုံနှင့် အခြားသီးနှံများမှာ ဈေးကွက်နိမ့်ကျခဲ့ပြီး ဖရဲနှင့်သခွားဧက တိုးချဲ့စိုက်ပျိုးနေကြသည့် မြို့နယ်များမှာ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ မြောင်မြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်၊ ခင်ဦး၊ တန့်ဆည်မြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်တို့တွင် ယခင်နှစ်က ဖရဲနှင့် သခွားစိုက်ခင်းဧက ၁၅၀၀၀ မှ ၂၀၀၀၀ နီးပါးစိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် အဆိုပါမြို့နယ်များမှာ ဖရဲနှင့် သခွားစိုက်ခင်း ဧက ၃၀၀၀၀ မှ ၅၀၀၀၀ နီးပါး စိုက်ခင်းဧက ထပ်မံတိုးချဲ့ စိုက်ပျိုးလာကြကြောင်း သိရသည်။

Most Read

Most Recent