အကယ်ဒမီ စင်ရော်မောင်မောင်ရိုက်ကူးမည့် ‘တစ်ခါကဆောင်း’ ဇာတ်ကား၌ ပါဝင်ရန် ကိုရီးယားသရုပ်ဆောင်နှစ်ဦးအား သွားရောက်ရွေးချယ်

အကယ်ဒမီ စင်ရော်မောင်မောင်ရိုက်ကူးမည့် ‘တစ်ခါကဆောင်း’ ဇာတ်ကား၌ ပါဝင်ရန် ကိုရီးယားသရုပ်ဆောင်နှစ်ဦးအား သွားရောက်ရွေးချယ်
Published 28 January 2019

ဒါရိုက်တာအကယ်ဒမီ စင်ရော်မောင်မောင်ရိုက်ကူးမည့် ‘တစ်ခါကဆောင်း’ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်ရန်အတွက် ကိုရီးယားသရုပ်ဆောင်နှစ်ဦးအား သွားရောက်ရွေးချယ်လျက်ရှိကြောင်း သိရသည်။ ကိုရီးယားမြန်မာ တွဲဖက်ရိုက်ကူးမည့် ယင်းဇာတ်ကားတွင် မြန်မာသရုပ်ဆောင်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

‘တစ်ခါကဆောင်း’ ရုပ်ရှင်ဇာတ်ကားတွင်ပါဝင်မည့် ကိုရီးယားသရုပ်ဆောင်နှစ်ဦးကို ဆိုးလ်မြို့နှင့် ဘူဆန်မြို့တို့တွင် ရွေးချယ်သွားမည်ဖြစ်ကာ ဒါရိုက်တာ စင်ရော်မောင်မောင်နှင့် ဇာတ်ညွှန်းမိုးနီလွင်တို့ သွားရောက်ရွေးချယ်နေခြင်းဖြစ်ကြောင်း သိရသည်။ ကိုရီးယားမှတာဝန်ရှိသူများရှေ့တွင် ပဏာမရွေးချယ်ထားသည့် အမျိုးသား ၅၀ ဦးနှင့်အမျိုးသမီး ၅၀ ဦးတို့ အနက်မှ အဓိကသရုပ်ဆောင်တစ်ဦးစီကို ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာသရုပ်ဆောင်များကိုလည်း မကြာမီကြေညာသွားမည်ဖြစ်ကာ ကိုရီးယားနှင့် မြန်မာသရုပ်ဆောင်များပူးပေါင်းကာ နိုင်ငံတကာ အဆင့်မီဇာတ်ကားတစ်ကား အဖြစ်ဖန်တီးသွားမည်ဖြစ်ကြောင်း သိရသည်။

“တစ်ခါကဆောင်းလို့ နာမည်ပေးထားတဲ့ နိုင်ငံတကာအဆင့်မီ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ဖန်တီးသွားပါမယ်။ ဒီဇာတ်ကားမှာ ကိုရီးယားသရုပ်ဆောင်နှစ်ဦးနဲ့အတူ မြန်မာသရုပ်ဆောင်တွေလည်း တွဲဖက်ပါဝင်ကြမှာပါ။ ကိုရီးယားသရုပ်ဆောင်တွေကိုတော့ ဘူဆန်နဲ့ ဆိုးလ်မြို့တွေမှာ သွားရောက်ရွေးချယ်သွားပါမယ်။ ဆန်ခါတင် ၅၀ စီကမှ တစ်ဦးစီရွေးချယ်သွားမှာပါ။ ပြီးရင်တော့ မြန်မာသရုပ်ဆောင်တွေကိုလည်း ကြေညာပေးသွားမှာပါ။ ဇာတ်ညွှန်းကိုတော့ မိုးနီလွင်ရေးပါမယ်။ နိုင်ငံတကာမှာပြသနိုင်မယ့် အရည်အသွေးမျိုးနဲ့ဇာတ်ကား ကောင်းတစ်ကားဖြစ်အောင် ဖန်တီးသွားမှာပါ။ ပြင်ဆင်မှုတွေအများကြီး ပြုလုပ်ထားသလို နောက်ထပ်လိုအပ်တာတွေလည်း ညှိနှိုင်းပြင်ဆင်ပြီးမှ ရိုက်ကူးဖြစ်မှာပါ” ဟု အကယ်ဒမီဒါရိုက်တာ စင်ရော်မောင်မောင်ကဆိုသည်။

အကယ်ဒမီဒါရိုက်တာ စင်ရော်မောင်မောင်နှင့် ဇာတ်ညွှန်းမိုးနီလွင်တို့သည် ဇန်နဝါရီ ၂၅ ရက်တွင် ကိုရီးယားသို့ထွက်ခွာသွားပြီးနောက် သရုပ်ဆောင်ရွေးချယ်မှု အစီအစဉ်များပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။    လင်းလင်းခိုင်

Most Read

Most Recent