၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အစိုးရနှင့် ဝန်ကြီးဌာနများအတွက် ဘတ်ဂျက်များ တောင်းခံရာတွင် စုစုပေါင်းလိုငွေ ကျပ် ၆၄၀၁ ဘီလျံကျော်အထိ ဖြစ်ပေါ်ကာ အများဆုံး ဘတ်ဂျက် တောင်းခံမှုအဖြစ် စံချိန်တင် ဘတ်ဂျက် တောင်းခံခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ယာယီ အမှန်စာရင်းအရ ကျပ် ၂၀၉၆ ဘီလျံကျော်သာ လိုငွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မူလ ခန့်မှန်းခြေတွင် ရငွေကျပ် ၁၆၆၀၅ ဘီလျံကျော်သာရှိပြီး သုံးငွေမှာ ကျပ် ၂၀၅၉၄ ဘီလျံအထိ ရှိခဲ့ကာ လိုငွေကျပ် ၃၉၈၉ ဘီလျံကျော်အထိ ရှိခဲ့သော်လည်း ပြုပြင်ပြီး ခန့်မှန်းခြေတွင် ရငွေ ကျပ် ၁၈၈၃၂ ဘီလျံသို့ မြင့်တက်ကာ သုံးငွေ ကျပ် ၂၂၇၆၀ ဘီလျံ ဖြစ်လာသဖြင့် လိုငွေကျပ် ၃၉၂၈ ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့သည်။
ထို့နောက် ၂၀၁၇ နှစ် နိုဝင်ဘာလအတွင်း ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းများမှ ဘတ်ဂျက် ကျပ် ၂၅၄၄ ဘီလျံကျော်အထိ ထပ်မံတောင်းခံပြီး ကျပ် ၇၀ ဒသမ ၆၃ ဘီလျံ စိစစ်ဖြတ်တောက်ခဲ့သဖြင့် ဖြည့်စွက် ခွင့်ပြုငွေ ၂၄၇၃ ဘီလျံအထိ ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ဖြစ်ပေါ်ခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ယာယီအမှန်စာရင်းတွင် ဘတ်ဂျက်လိုငွေ ကျပ် ၂၀၉၆ ဘီလျံကျော်သာ ဖြစ်ပေါ်ခဲ့ပြီး လိုငွေနှင့် ဂျီဒီပီအချိုးမှာလည်း ၂ ဒသမ ၃၂ ရာခိုင်နှုန်းသို့ လျော့ကျခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၏ ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်း တင်ပြသည့် အစီရင်ခံစာတွင် ဖော်ပြထားမှုအရ သိရသည်။
ဘတ်ဂျက်များကို အမှန်တကယ် သုံးစွဲနိုင်မှုမရှိဘဲ ဝန်ကြီးဌာနများက များပြားစွာ တောင်းခံနေမှုနှင့် လွှတ်တော် ကိုယ်စားလှယ်များက ထိရောက်စွာ ဖြတ်တောက်နိုင်မှု အားနည်းချက်ကြောင့် ပြည်သူများ၏ လူနေမှုဘဝကို ထိခိုက်စေသည့် ငွေဖောင်းပွမှု၊ ကုန်ဈေးနှုန်း မြင့်တက်မှုများစွာ ဖြစ်ပေါ်နေရကြောင်း ဝေဖန်မှုများ ရှိနေသည်။
ပြီးခဲ့သည့် အစိုးရ လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အထိ ယခင် ဘဏ္ဍာနှစ် ခုနစ်ခုတွင် ဖြည့်စွက် ခွင့်ပြုငွေကျပ် ဘီလျံ ၁၃၀၀၀ ကျော် တောင်းခံကာ ဘီလျံ ၁၁၀၀၀ ကျော် ပြန်လည် အပ်နှံမှု ဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အထိ နှစ်အလိုက် နောက်ဆက်တွဲ ဘတ်ဂျက်ခွင့်ပြုငွေ စုစုပေါင်း ကျပ် ၁၃၀၇၃ ဘီလျံဖြစ်ပြီး ဘတ်ဂျက် ပိုလျှံငွေများ ပြန်လည်အပ်နှံငွေ ကျပ် ၁၄၆၂၃ ဘီလျံ ဖြစ်ကာ အပ်နှံငွေမှ လွှဲပြောင်းသုံးငွေ ကျပ် ၃၀၂၂ ဘီလျံ ဖြစ်သည့်အတွက် အသားတင် အပ်နှံငွေမှာ ကျပ် ၁၁၆၀၁ ဘီလျံ ဖြစ်ကြောင်း ကော်မတီ အစီရင်ခံစာအရ သိရသည်။
သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ စတင်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ နောက်ဆက်တွဲ ဘတ်ဂျက်ခွင့်ပြုငွေ စုစုပေါင်း ကျပ် ၉၃၇၁ ဘီလျံဖြစ်ပြီး အသားတင် ပြန်လည် အပ်နှံငွေမှာ ကျပ် ၉၉၁၄ ဘီလျံ ဖြစ်သည်။
ထို့ပြင် ယခင်သမ္မတ ဦးထင်ကျော် အစိုးရလက်ထက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နောက်ဆက်တွဲ ဘတ်ဂျက် ခွင့်ပြုငွေမှာ ၁၂၈၄ ဘီလျံဖြစ်ပြီး အသားတင် ပြန်လည်အပ်နှံငွေမှာ ကျပ် ၁၆၈၇ ဘီလျံ ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဆိုသည်။
ဘတ်ဂျက် ခွင့်ပြုငွေများကို အပြည့်အ၀ သုံးစွဲနိုင်မှု မရှိခြင်းကြောင့် အထွေထွေပိုလျှံ ရန်ပုံငွေသို့ နှစ်စဉ် ကျပ်ဘီလျံ ထောင်ဂဏန်းအထိ ပြန်လည် အပ်နှံလျက်ရှိရာ ဌာနများအနေဖြင့် ဘတ်ဂျက် တိုးမြင့်ရရှိမှုနှင့် လိုက်လျောညီထွေဖြစ်ရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု မရှိခြင်းကို သေချာစွာ ဆန်းစစ်လေ့လာ သုံးသပ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အကြံပြုထားသည်။
လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် တောင်းခံရာတွင်လည်း ကနဦး တောင်းခံမှုတွင် မူလခန့်မှန်းခြေမှာ ကျပ် ၄၉၀၃ ဘီလျံအထိ ဖြစ်ပေါ်နေပြီး ဦးသိန်းစိန် အစိုးရလက်ထက်နှင့် NLD အစိုးရ လက်ထက်နှစ်ဆက် မူလခန့်မှန်းခြေများတွင် အများဆုံးတောင်းခံမှု ဖြစ်ပေါ်နေသည်။ ထိုသို့ များပြားစွာ တောင်းခံထားသော်လည်း ဝန်ကြီးဌာနများမှ စီမံကိန်းများ အမှန်တကယ် လုပ်ဆောင်နိုင်ခြင်း မရှိခြင်း၊ ဘတ်ဂျက်နှင့် ပတ်သက်ပြီး ဆီးသီးဗန်းမှောက် ဘတ်ဂျက်ဟု ဝေဖန်ခံရမှုများ ရှိနေခြင်း၊ ကျပ်ငွေတန်ဖိုး လွန်မင်းစွာ ကျဆင်းနေခြင်း၊ နှစ်စဉ် ကျပ်ဘီလျံ ထောင်ပေါင်းများစွာ ပြန်လည်အပ်နှံနေခြင်း စသည့်အချက်များကြောင့် ပြည်ထောင်စု လွှတ်တော်အနေဖြင့် NLD အစိုးရ၏ ဝန်ကြီးဌာနများမှ များပြားသော ဘတ်ဂျက် တောင်းခံမှုများကို ထိရောက်စွာ ဖြတ်တောက်နိုင်ရန် လိုအပ်နေကြောင်း သုံးသပ်မှုများ ရှိနေသည်။